ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းက နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။
စစ်ကောင်စီတပ်က အထူးသဖြင့် ၎င်းတို့၏တပ်စခန်းများ တိုက်ခိုက်ခံရချိန်၊ အင်အားအလုံးအရင်းနှင့် ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခံချိန်များတွင် လေကြောင်းတိုက်ခိုက်မှုတို့ကို ပိုမိုအသုံးပြုလာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ထိုသို့တိုက်ခိုက်မှုထဲ ထိုင်း – မြန်မာနယ်စပ်အနီး ထားဝယ်အရှေ့တောဒေသရှိ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်နှင့် ထားဝယ်-မြိတ်လမ်းပိုင်း ပြည်ထောင်စုကားလမ်းမပေါ်က သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်း တိုက်ခိုက်ခံရချိန်တို့တွင် လေကြောင်းပစ်ကူတောင်းခံပြီး အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များရှိနိုင်သည့် နေရာများအပြင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကိုပါ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်သေနတ်နှင့်ပါ ပစ်ခတ်တိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူရောက်လာတာကြောင့် လက်နက်ချမည့် စစ်ကောင်စီတပ်သားများသည် လက်နက်မချတော့ဘဲ ပြန်လည်ခုခံကြသည့် အခြေအနေများဖြစ်လာသည်ကို တွေ့ရကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။
“အဓိက က ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတွေလာရင် ဒီကလက်နက်ချမယ့် စစ်ကောင်စီဘက်က ကောင်တွေက လက်နက်မချတော့ဘဲ ပြန်လည်ခုခံတဲ့ဟာတွေ ဖြစ်လာတယ်။ ပွဲက ပိုကြာသွားတယ်ပေါ့။ တခါတလေ ကျွန်တော်တို့ဘက်ကလည်း ပြန်ဆုတ်လိုက်ရတဲ့ အနေအထားမှာရှိတယ်ပေါ့။ အဲဒီလိုမျိုး ရှိတဲ့ခါ ကြတော့ သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီးတော့အားရှိသွားတာပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြီးခဲ့သည့် မတ်လနှင့် နှိုင်းယှဉ်ရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် နှစ်ဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။
တဖက်တွင်လည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပေမယ့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုက ပိုများခဲ့သည်ကိုတွေ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက တနင်္သာရီတိုင်းရှိ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းပစ်ကူအနေနှင့် မြိတ်လေတပ်က လေယာဉ်တို့ကို အများဆုံးအသုံးပြုခဲ့ပြီ စုစုပေါင်း အကြိမ် ၂၀ ကျော် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။