မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ထင်ရှားသော မြို့ဟောင်းမြို့တစ်မြို့ဖြစ်သည့် တကောင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်များက ဩဂုတ်လ ၁၂ နေ့က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “အလုံးစုံကို ထိန်းချုပ်ထားလိုက်ပါပြီဗျ။ တိုက်တာတော့ ၁၁ ရက်နေ့က စတိုက်တယ်၊ ၁၂ ရက်နေ့မှာ အကုန်ထိန်းချုပ်ထားလိုက်တာဗျ” ဟု ပြောသည်။
တကောင်းမြို့ကို စစ်ကောင်စီ၏ လေကြောင်းထိုးစစ်များကြားမှ ၂ ရက်အကြာတွင် တိုက်ခိုက်သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“၁၁ ရက်နေ့တုန်းကတော့ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ လေးမျက်နှာဘုရား နေရာတို့၊ ဒီထွေအုပ်အရုံး နေရာတွေကို သိမ်းတယ်။ ပြီးတော့ အဲ့နေ့က ရဲစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ စစ်ကောင်စီက နေရာယူထားတဲ့ တိုက်နယ်ဆေးရုံ နေရာတွေကိုလည်း တခါတည်းသိမ်းနိုင်ခဲ့တယ်။ သူတို့ဘက် အသေအဆုံးလည်းရှိတယ်။ အရှင်ဖမ်းမိထားတာတွေလည်း များတယ်။” ဟု ၎င်းက ဆိုသည်။
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး ပေါင် ၅၀၀ ဗုံး များသုံးကာ ကြဲချခဲ့သောကြောင့် ပျက်စီးမှုအများအပြားရှိနေသည်ဟု ဆိုသည်။
စစ်ရေးအခြေအနေများကြောင့် တကောင်းမြို့ခံများ အားလုံးနီးပါးမှာ မြို့ပေါ်တွင် မနေကြတော့ဘဲ ဘေးလွတ်နိုင် သည့် နေရာများတွင် တိမ်းရှောင်နေကြကြောင်း သိရသည်။
တကောင်းမြို့သိမ်း တိုက်ပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသတပ်ရင်းများအပါအဝင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။
သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ အဖွဲ့က ဓါတ်ပုံများအပြင် ရုပ်သံဗွီဒီယိုဖိုင်ပါ ထုတ်ပြန်ထားသည်။ အဆိုပါတကောင်းမြို့တိုက်ပွဲထဲ ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဘက်တွင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
တကောင်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်းများနှင့် လက်နက်အများအပြား ရရှိထားပြီး အတိအကျကို မကြာခင်တွင် သတင်းထုတ်ပြန်မည်ဟု ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအား ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ဆိုသည်။
တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ထိစပ်နေပြီး မြို့၏မြောက်ဘက်တွင် ထီးချိုင့်၊ အနောက် ဘက်ခြမ်းတွင် ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ၊ အရှေ့ဘက်ခြမ်းတွင်မူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နှင့် ထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
ရှေးဟောင်း အမွေအနှစ်များရှိရာ ရှေးမြို့ဟောင်းလည်းဖြစ်သည့် တကောင်းမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေသုံးထောင်ကျော်ရှိကြောင်း သိရသည်။
NMG ပေးပို့သည်။