ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် ယခုလဆန်းပိုင်းအတွင်း စစ်ကောင်စီ၏လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေ တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အထက်ဘက်ပိုင်းရှိ ဒညင်းကုန်းရွာနှင့် ဘုရားလေးကုန်းသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်မှုတချို့ ရှိခဲ့သည်ဟု ကျောက်ကြီးမြိုခံ အမျိုးသမီးတစ်ဦးက အခုလို ပြောသည်။
“နေ့တိုင်းပဲ လေယာဉ်လာတယ်၊ ကြဲတယ်၊ ဒီနေ့မနက်ကလည်း ဒညင်းကုန်းရွာနားနဲ့ တပ်စခန်းတစ်ခုကို သွားကြဲတယ်။ ဒညင်းကုန်းရွာမှာက ကလေးတွေစာသင်နေတဲ့ နေရာနားလောက်ကို ကျတာ၊ တည့်တည့်တော့ မကျတာ တော်သေးလို့ ကလေးတွေဘာမှ ဖြစ်မသွားဘူး။ အိမ်တစ်လုံးတော့ ထိတယ်။ ဘုရားကုန်းမှာလည်း ထိတာ နှစ်ယောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် သစ်ချဆိပ် စခန်းသိမ်းတိုက်ပွဲ အပြီး နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်မှ ကျောက်ကြီးနှင့် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာများကို နေ့စဉ်ရက်ဆက် လေကြောင်းအသုံးပြု တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေတယ်လို့ ဒေသခံများက ပြောဆိုသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ထိခိုက်စေရန် ရည်ရွယ်ပြီး လုပ်ဆောင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တပ်စခန်းနဲ့ နီးနီးမနီးနီး၊ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ သူတို့ (စစ်ကောင်စီ) က ထင်တဲ့နေရာကို ဗုံးချတာပဲ။ ကျောက်ကြီးတစ်မြို့နယ်လုံးက ကေအဲန်ယူထိန်းချုပ်တဲ့နယ်မြေလို ဖြစ်နေပြီဆိုတော့ ဘယ်နားထုထု ပြေးလို့မရဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့် ရွာတိုင်းမှ တော်လှန်ရေးအဖွဲ့မှ မရှိဘဲ၊ ဘယ်သူသေသေ ငတေမာ ဆိုတဲ့ ပုံစံနဲ့လုပ်နေတာ၊ ဟိုသစ်ချဆိပ် တိုက်ပွဲပြီးကတည်းက နေ့တိုင်းလိုပဲ လေယာဉ်ဝဲတယ် ကြဲချတယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ- စစ်ကောင်စီက ညောင်လေးပင်ခရိုင်တွင်နေ့စဉ်ရက်ဆက်တိုက်ခိုက်နေလို့ ဒေသခံများ တိမ်းရှောင် ထွက်ပြေးနေရသည်။
ကေအဲန်ယူထိန်းချုပ် နယ်မြေများတွင် နယ်မြေစိုးမိုးနိုင်မှုအရ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများသာ စွမ်းဆောင်နိုင်သဖြင့် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သလို ထိုသို့လုပ်ရပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်-KPSN မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“စစ်ကောင်စီက တိုက်လို့ရတာဆိုလို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်တာပဲ ရှိတယ်။ ပြီးတော့ ကြည့်လိုက် ရင်လည်း သူတို့ပစ်မှတ်က ဒေသခံတွေချည်းပဲဆိုတော့ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာ ဆိုတော့ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှု ရပ်တန့်ပေးစေလိုတယ်” ဟု KPSN တာဝန်ရှိသူက ပြောသည်။
အလားတူ စက်တင်ဘာ ၄ ရက်နေ့ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များ သူဌေးကုန်းရွာအရှေ့ပိုင်းရှိ ကျေးရွာတစ်ရွာသို့ ကျရောက်သဖြင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်အာဏာသိမ်းချိန်မှစပြီး ယခုလက်ရှိအချိန်ထိ ညောင်လေးပင်ခရိုင်အတွင်း မြေပြင်တိုက်ပွဲများ၊ စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများ ကြောင့် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရသူ ၂ သိန်း ကျော် ရှိလာနေပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ကရင်အရပ်ဘက် စစ်ရှောင်ကူညီရေးအဖွဲ့များက ပြောဆိုသည်။
ကေအိုင်စီ ပေးပို့သည်။