ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရ

By MPM 24 ဇူလိုင်, 2024 👁

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံစစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် နေရပ်မှစွန့်ခွါ ထွက်ပြေးနေကြရသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တို့အကြား ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

လင်လန်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက “တော်တော်များများကတော့ နီးစပ်ရာတွေပဲ ရွာဘက်တွေ ရှောင်ကြတယ်။ ရွာဘက်တွေဆိုတော့ အဝေးကြီးရှောင်လို့လည်း မရဘူးလေ။ ငြိမ်ပြီ ဆို ခဏပြန်လာကြ၊ ဝုန်းဝုန်းဒိုင်းဒိုင်းဆို နောက်တခါ ထပ်ပြေးပေါ့” ဟု ပြောသည်။

စံကားမြို့အနီးတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံလူဦးရေ ၃ ထောင်ကျော်သည် နေရပ်စွန့်ခွါ ထွက်ပြေးနေရခြင်း ဖြစ်သည်။

စံကားမြို့အနီးရှိ လင်လန်၊ ကုန်းပြား၊ ဆည်ခေါင်း၊ ထီရီး စသည့် ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စံကားမြို့ မြို့တွင်းရှိ လူနေအိမ်များတွင် စစ်ဘေးရှောင် အယောက် ၃၀၀ ကျော်ခန့်နှင့် စံကားဘုန်းကြီးကျောင်းတွင်လည်း အယောက် ၂၀၀ ကျော်ခန့် ခိုလှုံခွင့်ပေးထားရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အထက်ပါ တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့် ထိစပ်နေသည့် ဟူးရန်း၊ ချမ်းသာ၊ ထီးဟန်းသား၊ နန်းဗွန်၊ နောင်ဗို၊ လွယ်ဗောင် စသည့် ကျေးရွာများက ပြည်သူများသည်လည်း နီးစပ်ရာဘုန်းကြီးကျောင်းများ၊ အင်းလေး ဒေသတဝိုက်နှင့် တောတောင်နေရာများတွင် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေကြသည်။

အင်းလေးဒေသမှ စံကားမြို့တွင် ကုန်သည် သွားရောက်လုပ်ကိုင်နေသူတစ်ဦးက “မိုင်းပျိုး၊ တောင်တိုဘက် ပြေးကြတယ်။ မိုင်းပျိုး ဘုန်းကြီးကျောင်းဆိုရင် လက်ခံထားတာ ၈၀၀ ကျော်ပြီ။ ထပ်လက်မခံဘူးဆိုတော့ မရှောင်ရသေးတဲ့ ရွာတွေက လန့်နေကြတယ်။ စံကားလည်း ထပ် လက်မခံတော့ဘူး ပြောတယ်။ တိုက်ပွဲကတော့ နေ့တိုင်း ပစ်နေတာပဲ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်တို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကုန်းပြား ဘုန်းကြီးကျောင်း အပါအဝင် ဆယ်ခေါင်းကျေးရွာရှိ နေအိမ် ၁၀ လုံးကျော်ခန့်မှာ မီးလောင်ပြာကျ ပျက်စီးခဲ့သည် ဖြစ်ရာ စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ ပြန်မလာနိုင်သေးသည့် အချိန်တွင် နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲများ ဖြစ်နေကြသည်ဟု ဆိုသည်။

ထို့အပြင် ကုန်းသာနှင့် ဆည်ခေါင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ကောင်စီတပ်၊ PNA ပူးပေါင်း တပ်တို့က တပ်စွဲထားပြီး လူသူကင်းမဲ့နေသည့် နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်နေကြသည်ဟု ပြောဆိုကြသည်။

NMG ပေးပို့သည်။