ဆောမြို့ကို ကုန်ပစ္စည်းအဝင်ပိတ်အောင် စစ်ကောင်စီ လုပ်ဆောင်နေ

By MPM 12 စက်တင်ဘာ, 2023 👁

မကွေးတိုင်း၊ ဆောမြို့နယ်သို့ ဝင်ရောက်လာမည့် ကုန်တင်ကားနှင့် ကားများကို လမ်းပိတ်ပြီး ပြန်လွှတ်နေတာကြောင့် ကုန်ပစ္စည်းအဝင် ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက်နေ့ က စပြီး စစ်ကောင်စီ ဆိပ်ဖြူမြို့ မှ ဆောမြို့ သို့ တက်လာသည့် ကားများကို ပြန်လွှတ်နေတာကြောင့် မြို့ပေါ်တွင် ကုန်စျေးနှုန်းတွေ ပိုမြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောသည်။

“ ဆော၊ ကန်ပက်လက်ဘက်၊ ကျောက်ထု ကို တက်တဲ့ အတက်ကားတွေကို ကန်စွန်းမဂိတ် ကနေ ပြန်လွှတ် နေတာပါ။ အဆင်းကားတွေကိုတော့ လက်ခံတယ်။ လမ်းပိတ်တဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူး။ မြို့ပေါ်မှာရှိတဲ့ ဆိုင်တချို့က ကုန်ပစ္စည်းတွေ စျေးတင်ရောင်းနေကြပြီ” လို့ အဆိုပါဒေသခံက ပြောပါသည်။

လက်တလောတွင် စစ်ကောင်စီက ပိတ်ထားသည့် ကန်စွန်းမဂိတ်ဟာ တစ်ရက်ကို ဖြတ်သန်းခ အနည်းဆုံး ဝင်ငွေ ၅ သိန်း ဝန်းကျင် ရှိနေတာကြောင့် ကြာကြာပိတ်မှာ မဟုတ်ဘူးလို့ ဒေသကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

“ အတက်ကား လက်မခံတာ။ ခဏပါ အကြာကြီး မပိတ်ဘူးဗျ။ သူတို့လမ်းပိတ်ရင် ငတ်မှာပေါ့ဗျ။ တစ်ဂိတ်ကို နေ့စဉ် ငါးသိန်းအထက် ပုံမှန်ရနေတာ” လို့ ယင်း PDF တပ်ဖွဲ့ဝင်က ပြောပြသည်။

ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်သည် ၆၉ မိုင် ကွာဝေးပြီး စစ်ကောင်စီတပ်တွေက ပခုက္ကူ၊ ကမ္မ၊ ပေါက်၊ ချောက်၊ ဆိပ်ဖြူ၊ ဆော လမ်းပိုင်းရှိ ၁၀ မိုင်ကုန်းဂိတ်နဲ့ ကန်စွန်းမဂိတ်တို့မှာ အထိုင်ချထားတာ ဖြစ်တယ်လို့ ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်ကလည်း ဆောမြို့ပေါ်၌ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံများက ပြောပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။