သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် အသက်ကြီးပိုင်းအမျိုးသားများကို စစ်ကောင်စီက စစ်သင်တန်းပေးခဲ့ပြီး အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းကောက်ခံသည့်နေရာတွင် လုံခြုံရေးလိုက်ပါယူခိုင်းနေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။
လုံခြုံရေးလိုက်ပါယူရသည့် အဆိုပါ အသက်ကြီးသူများသည် အသက် ၄၅ နှစ်မှ အသက် ၆၅ နှစ်အထိဖြစ်ကြပြီး ထိုသူများကို စစ်ကောင်စီက စစ်သင်တန်းတစ်ပတ်သာ သင်တန်းပေးခဲ့ကြောင်း လုံခြုံရေးယူပေးနေသူတချို့နှင့် နီးစပ်သူတို့က ပြောသည်။
သင်တန်းဆင်းပြီးသူများကို အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးရသည့်အပြင် အုပ်ချုပ်ရေးမှူးရုံးနှင့် ၎င်းတို့၏နေအိမ်များကိုလည်း လုံခြုံရေးယူပေးနေရကြောင်း ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ခုတခေါက် အသက်ကြီးသူအများစုပါတယ်။ သူများဒေသ ရေကြီးနေချိန်မှာ ဆီဆိုင်မှာက စစ်တပ်က လူတွေကိုစုပြီး စစ်သင်တန်းပေးနေတာ။ နှစ်သုတ်တော့ ပြီးပြီ။ နောက်တသုတ်ထပ်ခေါ်ဖို့ စာရင်းကောက်နေပြီ” ဟု ၎င်းက ပြောဆိုသည်။
ပထမနှင့် ဒုတိယအသုတ်တွင် တစ်ရပ်ကွက်လျှင် လူ ၆ ယောက်ဖြင့် စစ်သင်တန်းတက်ခိုင်းခဲ့ပြီး မသွားသော သူများကို သိန်း ၁၀၀ ကျော် တောင်းပြီး၊ စစ်ကောင်စီနှင့် နီးစပ်သူများသည် ငွေကြေးအနည်းငယ်သာ ပေးဆောင်ရကြောင်း ဆီဆိုင်ဒေသခံများက ပြောသည်။
“မသွားတဲ့သူတွေကို ပိုက်ဆံအများကြီး တောင်းတယ်။ ပိုက်ဆံပမာဏက အရမ်းများတော့ အကုန်သွားကြရတယ်။ ဒါပေမယ့် စစ်တပ်နဲ့နီးတဲ့သူတွေတော့ ပိုက်ဆံနည်းနည်းပဲ ပေးရတယ်။ စစ်သင်တန်းလည်း မတက်ရ တော့ဘူး။ စစ်တပ်နဲ့ မရင်းနှီးတဲ့သူတော့ ဘယ်လိုညှိနှိုင်းညှိုနှိုင်း မရဘူး” ဟု ဆီဆိုင်မြို့က လူမှုပရဟိတလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့တွင် စစ်ကောင်စီအပြင် PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကလည်း စစ်မှုထမ်းခေါ်ယူနေခြင်းကြောင်း ဒေသခံများ အခက်ခဲကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။