ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်လောက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောဆိုသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဆိုင်းတောင်ရဲစခန်းကို မနက်ပိုင်း ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်တယ်လို့ ပြောလာတယ်။ အဲဒါကြောင့် ဆိုင်တောင်မှာ စစ်တပ်ကလက်နက်ကြီးပစ်သလို လေယာဉ်နဲ့ လာပစ်နေတဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်။ အခုလေယာဉ်ဗုံးကြဲတဲ့နေရာက ကျေးရွာထဲမှာဖြစ်တဲ့အတွက် ပြည်သူတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပါတယ်” ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကို မနက်ပိုင်း ၆ နာရီခန့်တွင် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်စစ်ဗျူဟာကုန်းကနေ ဆိုင်းတောင်ကျေးရွာထဲကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သလို နေ့လယ် ၁ နာရီဝန်းကျင်တွင်လည်း ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောဆိုသည်။
KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆိုင်းတောင်ကျေးရွာထဲက တိုက်ပွဲဖြစ်ပွားနေသည့် Lucky Man Hotel ထဲတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ဒေသခံတို့က ဆက်ပြောပါသည်။
စစ်ကောင်စီတပ်က ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄) နှင့် ဆိုင်းတောင်တံတားအောက်ဘက်နေရာကို အဓိက လာရောက်ဗုံးကြဲသွားတာကြောင့် လူနေအိမ်အများအပြား မီးလောင်ပျက်စီးနေပြီး ဒေသခံပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဒေသခံများက ဆိုသည်။
ညနေပိုင်း ၃ နာရီဝန်းကျင်အထိ ဆိုင်းတောင်ကျေးရွာထဲတွင် နှစ်ဖက်စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေသေးသည့်အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် လူနေအိမ်မီးလောင်ပျက်စီးသွားသည့် အခြေအနေအသေးစိတ်ကို သိရှိရန် ခက်ခဲနေတာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တပတ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားနေသည့် Lucky Man Hotel ထဲရှိ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ကို KIA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး မြေပြင်တွင်လည်း နှစ်ဖက်စစ်တပ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
ဆိုင်းတောင်တိုက်ပွဲသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း Lucky Man Hotel ထဲရှိ KIA နှင့် PDF တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ခုနှင့် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ယခုလို နှစ်ဖက်စစ်တပ်ကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။
KNG ပေးပို့သည်။