ဆိပ်ဖြူမှာ စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီးနှစ်ဦးသေဆုံး

By MPM 17 ဒီဇင်ဘာ, 2023 👁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ မကွေးတိုင်းရှိ မြို့နယ် ၃ မြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဆိတ်ဖြူမြို့နယ် သံပုရာပင်ရွာက ကလေးမိခင်နှစ်ဦး သေဆုံးခဲ့ရတာလို့ ဒေသခံတွေက ပြောသည်။

“လသားကလေးတွေ ကျန်နေခဲ့တယ်။ ကလေးတွေကိုလည်း သက်ဆိုင်ရာက ကူညီစောင့်ရှောက်ထားပါတယ်။ ထပ်ပြီးတော့ လေကြောင်းတိုက်ခိုက်မယ့် သတင်းတွေရနေတာကြောင့် အထူးဂရုစိုက်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောမြို့နယ်၊ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေကို MI-35 အမျိုးအစား ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကပိုင်အနီး၊ ရှားလှကျေးရွာ၊ တာချောင်းရိုး၊ ကျွန်းပင်၊ ချက်ကန်၊ သီးကုန်း၊ ကျောက်ဆွဲနဲ့ သံပုရာပင်ရွာတွေမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်တဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာက NUG တရားရုံးကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ကြောင်း သိရသည်။

Burma Affairs & Conflict Study ရဲ့ မှတ်တမ်းအချက်အလက်တွေအရ ၂၀၂၂ အောက်တိုဘာလ ကနေ ၂၀၂၃ ဇွန်လ အထိ ၉ လတာ ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးရဲဘော် ၁၀၈ ဦး ကျဆုံးပြီး အရပ်သားပြည်သူ ၃၂၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။