ဆားလင်းကြီးမြို့နယ်၊ ပလောင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်သဖြင့် အမျိုးသမီးတစ်ဦးကိုယ်ဝန်ပျက်ကျခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မုံရွာမြို့ Ocean ဈေးစင်တာ အနောက်ဘက်၌ ဂိတ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဆားလင်းကြီးမြို့၊ ပလောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
“ဗိုက်ကြီးသည် ထိခိုက်တာပေါ့နော်။ လူကတော့ ကျန်းမာရေးကောင်းပေမယ့် ကလေးကတော့ ဆုံးသွားတာရှိတယ်။ ချင်းတွင်းမြစ် ကမ်းဘေးကရွာတွေ လက်နက်ကြီးပစ်တာက မုံရွာမြို့ဘက် Ocean အနောက်ဖက်ကင်းစခန်းတွေလို့ ပြောရမှာပေါ့။ ပိုက်ဆံကောက်တဲ့ ဂိတ်ပေါ့” ဟု ၎င်းက ပြောသည်။
ပလောင်ကျေးရွာနှင့် လက်နက်ကြီး ပစ်ခတ်သည့်နေရာသည် ချင်းတွင်းမြစ်သာခြားပြီး ထိုဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။
ဆားလင်းကြီးမြို့ရှိ အဆိုပါပလောင်ကျေးရွာသည် ကျေးရွာငယ်တစ်ခုဖြစ်ပြီး တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကြေးနီ တူးဖော်ရေး စီမံကိန်းနှင့် အနီးဆုံးတွင်ရှိသည့် ကျေးရွာတစ်ရွာလည်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးယူသည့်အနေဖြင့် ထိုကျေးရွာအနီးတစ်ဝိုက်တွင် တပ်ဂိတ်ချထိုင်ထားသည့်အပြင် အင်အားများစွာချထားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် သူတို့က လုံခြုံရေး ကာကွယ်တယ်ပြောရမှာ။ အခုနောက်ပိုင်း လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တယ်။ မဆိုင်တဲ့ ပြည်သူတွေ ထိခိုက်တာလည်း ခဏခဏပဲ။ ဟောင်ဝဇ်ဇာတွေနဲ့လည်း ပစ်တယ်။ စစ်ရေးကတော့ ငြိမ်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ရှိ စက်လှေတစ်စီး၌ လိုက်ပါလာသူတစ်ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့သေးသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မုံရွာမြို့၊ ထန်းနှောင်းတောကျေးရွာက အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပြီး၊ ၂၁ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့သေးသည်။
NMG ပေးပို့သည်။