ဆားလင်းကြီးတွင် ဆိတ်ကျောင်းနေသည့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

By MPM 23 ဇူလိုင်, 2024 👁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ပေါင်းဝကျေးရွာ၌ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဆိတ်ကျောင်းနေသည့် အသက် ၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့က မုံရွာမှ မြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာမှ ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဒေသခံတစ်ဦးက “ခေါင်းကို တည့်တည့်ဆိုတော့ တစ်ချက်တည်းနဲ့ ပွင့်သွားတာ။ ရေကြောင်း အတိုင်းလာတာ အင်အား ၁၀၀ လောက်၊ အဲ့ကလေးတွေက ဆိတ်ကျောင်းနေတာ ဆိတ်ကျောင်းရင်းနဲ့ လာလို့ဆိုပြီး ဘုရားကုန်း ပေါ် တက်လိုက်တာ။ အဲ့မှာ ပစ်လိုက်တာ နဖူးတည့်တည့်မှန်သွားတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်က ရေကြောင်းဖြင့် စစ်ကြောင်းထိုးလာသည်ကို တွေ့ရှိကြသည့် ဆိတ်ကျောင်းနေသော ကလေးငယ်များ ထွက်ပြေးစဉ် စစ်ကောင်စီတပ်က ယင်းသို့ပစ်ခတ်ခဲ့သည့် ဖြစ်စဥ်အတွင်း နောက်ကလေးငယ်တစ်ဦးလည်း ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောပါသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ကျော် ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်က ကလေးငယ်၏ ရုပ်အလောင်းကို ပေါင်းဝကျေးရွာအနီးရှိ ချောင်းအတွင်းမျှောခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့ ညဥ့်နက်ပိုင်းအချိန်ခန့်တွင် ဒေသခံများက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ပေါင်းဝကျေးရွာသည် ဆားလင်းကြီးမြို့နှင့် တစ်မိုင်အကွာ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ယင်းဖြစ်စဥ် ဖြစ်ပွားခဲ့ပြီးနောက်နေ့၌ စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့ပေါ်ကို ပြန်ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် အဆိုပါစစ်ကြောင်းမှာ ဆားလင်းကြီးမြို့ အနီးပတ်ဝန်းကျင်တွင် နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့မနက်တော့ ကင်းလှည့်တာလိုလို ဘာလိုလိုနဲ့ ဆားလင်းမြို့ ပတ်ချာလည်တော့ ထွက်သေးတယ်။ အခုက တော့ မြို့ထဲပြန်ဝင်နေတာပေါ့။ ရွာတွေထဲထိတော့ မထိုးသေးဘူးပေါ့။ မြို့ပေါ်ပဲ ရှိသေးတယ်။ ဆားလင်းစခန်း ဘုရားကျောင်းတွေ နေရာတွေ ဖြန့်ထားတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီက တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး နေရာတို့အပါအဝင် အခြားနေရာအချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး သေဆုံးခဲ့သည်ဟု စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်များဘက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NMG ပေးပို့သည်။