စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ်တွင် တည်ရှိသည့် ဆယ်ဇင်းကျေးရွာအနီး ရှမ်းနီအမျိုးသားများ တပ်မတော်-SNA စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF အဖွဲ့တို့က လာရောက်တိုက်ခိုက်သဖြင့် သြဂုတ်လ ၇ ရက်နေ့မှ စ၍ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိသည်။
SNA တာဝန်ရှိသူတစ်ဦးက “နေ့တိုင်း ပစ်နေတာပဲ၊ ဒီကနေ့လည်း ပစ်နေကြတယ်” ဟု သြဂုတ်လ ၉ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထိုသို့ပြန်လည်ပြောဆိုသည်။
SNA တပ်စခန်းများအား KIA နှင့် PDF ပူးပေါင်းအဖွဲ့က သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ၏ ဖြေကြားချက်ကို ကိုးကား၍ သတင်းဌာနများတွင် ရေးသားမှုများ ရှိနေသော်လည်း အဆိုပါသတင်းမှာ မှန်ကန်မှု မရှိကြောင်း SNA တပ်မဟာ ၉၇၂ တပ်မဟာမှူးက ပြောသည်။
“တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်၊ စခန်းကျတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မနေ့က ကျွန်တော်တို့ ဘက်ကတောင် KIA အလောင်းတစ်လောင်းနဲ့ သေနတ်တစ်လက် ရလိုက်သေးတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဒဏ်ရာရတာတော့ ရှိပါတယ်။ တအားကြီး စိုးရိမ်ရတာတော့ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။
ဆယ်ဇင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ရင်း ရှိသကဲ့သို့ အဆိုပါဒေသအနီး ပန်ချယ်ကွင်းတွင် SNA တပ်ဖွဲ့၏ အခြေစိုက်စခန်းများလည်း ရှိသည်ဟု SNA တာဝန်ရှိသူက ပြောသည်။
“ဗမာစစ်တပ်ကျတော့ ဖားကန့်ဘက်ကနေ လာတဲ့ဘက်ပေါ့။ ကျွန်တော်တို့နေထားတဲ့ နေရာက အင်းတော်ကြီး ဘက်ကနေ လာလို့ရတဲ့ဘက်အခြမ်းပေါ့ မတူကြဘူး” ဟု အဆိုပါ SNA တာဝန်ရှိသူက ဆိုသည်။
ဆယ်ဇင်းဒေသတွင် ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်၍ စစ်ကောင်စီတပ်နှင့် သာမက KIA၊ PDF တပ်များ နှင့် SNA တို့ အကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော ဒေသတစ်ခုလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ် ဒေသအတော်များများတွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF တပ်တို့ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိနေသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။