စေတုတ္တရာမြို့ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက်

By MPM 1 ဒီဇင်ဘာ, 2023 👁

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစကို ကာကွယ်ရေးအဖွဲ့ တွေက ရော့ကတ် ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA-Magway က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway နဲ့ Z-Fighter ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

PRA -Magway စစ်ဦးစီးချုပ်ကိုနောင်သူရိန်က “ မိမိတို့အနေနဲ့ မဟာဗျူဟာမြောက် ချေမှုန်းတိုက်ခိုက်တာဖြစ်ပြီး ရန်သူရဲ့အရင်းမြစ်များ ထောက်ပို့ယန္တရားများကို တိုက်ခိုက်ဖြတ်တောက်ခြင်းဟာ တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးကို အထောက်ကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်” လို့ ပြောသည်။

စစ်ကောင်စီပိုင်စက်ရုံ ကပစကို MH-60 R Rocket အလုံး ၂၀ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် စစ်ရုံအတွင်းနဲ့ စက်ရုံအဆောက်အအုံတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒီနေ့(ဒီဇင်ဘာ ၁ ရက်နေ့) နေ့လည်ပိုင်းအထိ ယမ်းယိုလှောင်ရုံ မီးလောင်နေဆဲ ဖြစ်တယ်လို့ PRA-Magway ထံမှ သိရသည်။

စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ အတည်ပြုမေးမြန်နိုင်ခြင်း မရှိသေးပါ။

PRA Magway အနေနှင့် မကွေးတိုင်း ဧရာဝတီမြစ်အနောက်ခြမ်းဒေသ လွတ်မြောက်ရေးအတွက် မဟာမိတ် အင်အားစုတွေနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်သလို ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။