စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများကို ကသာ စစ်ဘေးရှောင်တွေ ကျေးဇူးတင်

By MPM 7 ဇန်နဝါရီ, 2026 👁

စစ်ကိုင်းတိုင်း ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။

ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့ မန္တလေးမြို့တွေအပါအဝင် စစ်ဘေးရှောင်တချို့ဟာ ကသာမြို့ပြင် ဧရာဝတီမြစ် ကမ်းနဘေးကကျေးရွာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီထဲကမှ အစုကြီးလို့ ဒေသခံတွေခေါ်ကြတဲ့ ကျောက်ပုံ၊ ကလုံ၊ အင်းရွာလေးနဲ့ သာဂရ (လေး) ရွာ ကဒေသခံတွေကူညီကြလို့ စားဝတ်နေရေးအပြင် အစစအရာရာအဆင်ပြေရကြောင်း စစ်ဘေးရှောင်နေရတဲ့ ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“နည်းတဲ့လူမဟုတ်ဘူး။ အစုကြီးဆိုတဲ့ရွာလေးရွာပေါ့လေ အဲ့မှာလူတွေကပုံသွားတာ။ ကံကောင်းတာက အဲ့ဒီမှာကရေလည်းရှိတယ်။ ဆိုလာနဲ့မီးလည်းရှိတယ်။ ထမင်းကလည်း ရွာကချက်ကျွေးတယ်။ အဲ့ရွာကလူတွေက စေတနာကောင်းတယ်။ တစ်ခုမှကို ဝယ်မစားရဘူး။ မနက်မိုးလင်းဆိုရင် မုန့်တွေလာပို့ပေးထားတယ်။ အဲ့လိုဆိုတော့ ဝမ်းသာသွားတာပေါ့လေ” လို့ ပြောပါတယ်။

ကသာမြို့က စစ်ဘေးရှောင်တွေဟာ အစုကြီးခေါ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေကြတဲ့အပြင် ဒေသခံတွေကလည်း သူတို့နေအိမ်တွေမှာ နေထိုင်ခွင့်ပေးသေးတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် အဆိုပါကျေးရွာ ၄ ခုက ဒေသခံတွေဟာ ဧရာဝတီမြစ်ကိုမှီခိုရင်း လှေနဲ့ဇတ်ကူးတဲ့လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းကိုသွားလိုတဲ့ စစ်ဘေးရှောင်တွေအတွက် ပုံမှန်ဇတ်ကူးခထက် ဈေးလျော့ပေးကြသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၁ ကို ကသာမြို့မှာကျင်းပနေချိန် တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုနေရာယူထားတဲ့စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့နောက်ပိုင်းမျာတော့ နှစ်ဖက်လက်နက်ကိုင်တွေအကြား ထိတွေ့တိုက်ပွဲ ခေတ္တငြိမ်သက်နေပြီး စစ်အုပ်စုကတော့ ကသာမြို့နယ်တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲလို့ သိရပါတယ်။

“တိုက်ပွဲတွေကတော့ ငြိမ်တော့ငြိမ်နေတယ်။ ဒါပေမဲ့ မနေ့ညကထိ ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေပတ်ကြဲတယ်။ ဒီနေ့မနက်ပိုင်းအထိကတော့ ပြန်ငြိမ်နေပြန်တယ်” လို့ ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းအထိအခြေနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ စစ်ဘေးရှောင်ဦးရေကလည်း တိုးမြှင့်လာပြီး စစ်ဘေးရှောင်အချင်းချင်း ကူညီဖေးမကြတာဟာ အဆိုးများထဲကကြည်နူးဖွယ်ဖြစ်နေပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိကို နိုင်ငံတစ်ဝှမ်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃.၆ သန်းအထိရှိလာတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

KNG