စလင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်

By MPM 23 ဇူလိုင်, 2024 👁

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူထိခိုက်မှုများရှိကြောင်း ဒေသခံတို့ထံက စုံစမ်းသိရှိရသည်။

စလင်းမြို့နယ် ကူရင်းချောက်နှင့် ငလှိုင်တွင်းကျေးရွာများကို ဇူလိုင် ၂၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီလေကြောင်းနှင့် လာတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အထိအခိုက် အသေအဆုံးတော့ အတည်ပြုဖို့ခက်သေးတယ်။ စက်လက်နဲ့ရော ပစ်တာ၊ လေကြောင်းကနေလည်း ဗုံးကြဲတယ်” ဟုဒေသခံတစ်ဦးက ပြောပါသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး အသေးစိတ်အခြေအနေ ဆက်လက် အတည်ပြု သိရှိနိုင်ရန် ကြိုးစားနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များက ငလှိုင်တွင်းကျေးရွာတွင် တပ်စွဲခဲ့ဖူးပြီး စလင်းမြို့နယ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည် ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလမှ ဇူလိုင်လ ပထမပတ်အထိ စလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ လှုပ်ရှားနေပြီး ကာကွယ်ရေးအဖွဲ့များနှင့်လည်း ထိတွေ့မှုများရှိခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။