စစ်အုပ်စုလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို SEANF ဥက္ကဋ္ဌရာထူးမပေးရန် အဖွဲ့ ၁၅၀ နီးပါး တောင်းဆို

By MPM 9 ဩဂုတ်, 2026 👁 57

မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၄၆ ဖွဲ့က စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် ၂၀၂၇ ခုနှစ်တွင် Southeast Asia National Human Rights Institutions Forum (SEANF) ၏ ဥက္ကဋ္ဌရာထူးကို ရယူရန် စီစဉ်နေကြောင်း ထွက်ပေါ်လာသည့် သတင်းများအပေါ် အလွန်စိုးရိမ်ကြောင်း ဩဂုတ် ၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းအဖွဲ့များက SEANF အဖွဲ့ဝင်များအနေဖြင့် အခြေခံမူကိုင်စွဲကာ MNHRC ကို SEANF အတွင်း မည်သည့်ခေါင်းဆောင်မှုရာထူးမျှ မယူနိုင်စေရန် တားဆီးပြီး အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမှုကိုလည်း အရေးပေါ် ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။

MNHRC ကို SEANF ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခွင့်ပြုပါက ဒေသတွင်း လူ့အခွင့်အရေးယန္တရားတခု၏ ယုံကြည်စိတ်ချရမှု၊ တရားဝင်မှုနှင့် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမည့်အပြင် မြန်မာစစ်အုပ်စုကို နိုင်ငံတကာတာဝန်ခံမှုမှ ကာကွယ်ပေးသည့် အကာအကွယ်တခုအဖြစ် MNHRC က ဆက်လက်ရပ်တည်နိုင်ရန် အားပေးရာရောက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

SEANF သည် အရှေ့တောင်အာရှဒေသအတွင်း အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဒေသတွင်းကွန်ရက်ဖြစ်သဖြင့် ၎င်း၏ ယုံကြည်စိတ်ချရမှုသည် ကုလသမဂ္ဂ Paris Principles တွင် ဖော်ပြထားသည့် လွတ်လပ်မှု၊ အများပါဝင်မှုနှင့် ထိရောက်မှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုအပေါ် မူတည်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။

MNHRC သည် ထိုစံနှုန်းများနှင့် မကိုက်ညီကြောင်း Global Alliance of National Human Rights Institutions (GANHRI) ၏ Sub-Committee on Accreditation က ပြန်လည်သုံးသပ်ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် ၎င်း၏ ÒB” အဆင့် အသိအမှတ်ပြုမှုကို ဖယ်ရှားခဲ့သည်။

ထိုအချိန်တွင် MNHRC ၏ လွတ်လပ်မှုမရှိခြင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၎င်း၏တာဝန်ကို ထိရောက်စွာ မဆောင်ရွက်နိုင်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးစနစ်တို့နှင့် လုံလောက်စွာ မဆက်ဆံခြင်း၊ ခန့်အပ်ရေးလုပ်ငန်းစဉ်နှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများတွင် ပတ်သက်မှုရှိနိုင်ခြင်းတို့အပေါ် စိုးရိမ်ချက်များ ထုတ်ပြန်ခဲ့သည်။

ထို့နောက် MNHRC ၏ GANHRI အဖွဲ့ဝင်အဖြစ်ရှိမှုကို ၂၀၂၅ ခုနှစ် မတ်လတွင် ဖယ်ရှားခဲ့ပြီး Asia Pacific Forum of National Human Rights Institutions (APF) ကလည်း ၂၀၂၅ ခုနှစ် မေလတွင် အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ကြေညာချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း MNHRC သည် မြန်မာစစ်အုပ်စုတပ်က ကျူးလွန်သည့် ကျယ်ပြန့်ပြီး စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးခြင်းနှင့် ကျူးလွန်သူများကို တာဝန်ယူမှုရှိစေရန် ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း စွပ်စွဲထားသည်။

အထူးသဖြင့် မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အကျဉ်းထောင်အတွင်း သေဆုံးမှု၊ အတင်းအကျပ် ပျောက်ဆုံးစေမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ကလေးများအပါအဝင် အရပ်သားများအပေါ် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများအတွက် ထိရောက်သည့် ကာကွယ်မှု သို့မဟုတ် တရားမျှတမှုရရှိစေရန် မဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

MNHRC ၏ လုပ်ဆောင်ချက်နှင့် ပျက်ကွက်မှုများသည် စစ်အုပ်စုက လူ့အခွင့်အရေးကို စောင့်ကြည့်နေသကဲ့သို့ ပုံဖော်နိုင်ရန် အထောက်အကူပြုခဲ့သော်လည်း ထိခိုက်ခံစားရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တာဝန်ခံမှုနှင့် ကာကွယ်မှု မပေးနိုင်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။

မကြာသေးမီက MNHRC သည် နိုင်ငံတကာအသိအမှတ်ပြုမှု လျော့ကျသွားသော်လည်း အများပြည်သူဆိုင်ရာ လှုပ်ရှားမှုနှင့် နိုင်ငံတကာဆက်ဆံရေးများ ပိုမိုတိုးမြှင့်လာကြောင်းလည်း ကြေညာချက်တွင် စိုးရိမ်ချက်ထုတ်ဖော်ထားသည်။

ယင်းတို့တွင် ဇူလိုင် ၁၇ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် တွေ့ဆုံခြင်း၊ ဇူလိုင် ၁၀ ရက်က ရုရှားဖက်ဒရေးရှင်း လူ့အခွင့်အရေးကော်မရှင်နာနှင့် တွေ့ဆုံခြင်းတို့ ပါဝင်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲနောက်ပိုင်း အရပ်သားအသွင်ပြောင်း ပုံရိပ်ဖန်တီးရေးအတွက် နိုင်ငံတကာမြင်သာမှု တိုးမြှင့်ရန် ရည်ရွယ်ထားပုံရကြောင်း အဖွဲ့များက သုံးသပ်ထားသည်။

သို့သော် အများပြည်သူနှင့် နိုင်ငံတကာဆက်ဆံရေးများ တိုးမြှင့်ခြင်းသည် စစ်မှန်သည့် လွတ်လပ်မှု၊ တာဝန်ခံမှုနှင့် Paris Principles ကို လိုက်နာမှုတို့ကို အစားထိုးနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် SEANF အဖွဲ့ဝင်များအနေဖြင့် MNHRC ကို ၂၀၂၇ ခုနှစ် ဥက္ကဋ္ဌရာထူး မယူနိုင်စေရန် တားဆီးပြီး အဖွဲ့မှ တရားဝင်ဖယ်ရှားနိုင်ရေးအတွက် အရေးပေါ် လုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။ SEANF ၏ အဖွဲ့ဝင်နှင့် ခေါင်းဆောင်မှုရာထူးများကို လွတ်လပ်မှု၊ ယုံကြည်စိတ်ချရမှုနှင့် လူ့အခွင့်အရေးကာကွယ်ရေးအပေါ် အမှန်တကယ် ကတိကဝတ်ရှိသည့် အဖွဲ့အစည်းများသာ ရယူသင့်ကြောင်းလည်း ဆိုထားသည်။

မဇ္ဈိမ