ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံတာဝန်ရှိသူများသည်၂၀၂၆ ခုနှစ် ဖေဖော်ဝါရီတတိယအပတ်တွင် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုမတ်လ ၉ ရက်နေ့က ဆက်သွယ် မေးမြန်းခွင့်ရရှိခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံက နယ်စပ်တိုက်ပွဲမဖော်ဆောင်ဖို့ ပြောကြားခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မတ်လအတွင်း တရုတ်နိုင်ငံ၌အရေးကြီးသည့် အစည်းအဝေးများရှိ သောကြောင့်နယ်စပ်တွင် ထိန်းထိန်းသိမ်းသိမ်းနေရန် တရုတ်ကိုယ်စားလှယ်များမှကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို တရုတ်ကိုယ်စားလှယ်အဖွဲ့က အကြံပြုပြောကြားခဲ့သည်။
“ဒီတခေါက်တော့ တရုတ်ပြည်ရဲ့နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်တယ်။ မိတ်ဟောင်းဆွေဟောင်း တွေကိုတွေ့တဲ့အခြေအနေပါ။ မတ်လမှာသူတို့တရုတ်ပြည်မှာလဲ အရေးကြီးတဲ့အစည်းအဝေးတွေ ရှိတယ်တဲ့။အဲ့ဒါကြောင့်ဒီနယ်စပ်ဒေသမှာ ထိန်းထိန်းသိမ်းသိမ်းနေပါလို့အကြံပြုတဲ့သဘောမျိုးပါ။ ဖိအားပေးတာ၊အမိန့်ပေးတာ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
နှစ်ဖက်လူထုတည်တည်ငြိမ်ငြိမ်ရှိရန်လည်း တရုတ်က KIO ကို တိုက်တွန်းခဲ့ဟု ဆိုသည်။
“ဒုတိယကတော့ သူတို့ကနယ်စပ်ဒေသမှာ တိုက်ပွဲမဖော်ဆောင်ပဲနဲ့ နှစ်ဖက်ပြည်သူလူထု တည်တည်ငြိမ်ငြိမ်ရှိဖို့ ထိန်းထိန်းသိမ်းသိမ်းထားပါလို့ပြောတယ်” ဟု ပြောသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီနှင့်ဆွေးနွေးရန် အကြံပြုခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“စစ်ကော်မရှင်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပါလို့ မပြောပါဘူး။ ဆွေးနွေးပါလို့ပြောတာ။ ဖိအားပေးတာမရှိဘူး။ အကြံပေးတဲ့အနေနဲ့ စစ်ကော်မရှင်နဲ့လည်း ခင်ဗျားတို့ ဆွေးနွေးသင့်ပါတယ်ဆိုပြီး ပြောတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မြစ်ကြီးနားလေယာဉ်အပစ်ခံရသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သည်ဟုဆိုသည်။
“ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမြဲတမ်းတွေ့နေတဲ့ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ပါတယ်။ အဲ့အချိန်မှာ မြစ်ကြီးနားမြို့မှာ ပြည်သူစီးနေတဲ့လေယာဉ်ကို ဘယ်အဖွဲ့အစည်းက မသိပစ်ခတ်ခံရတယ်။ စစ်ကော်မရှင်ကတော့ KIO ကိုစွပ်စွဲထားတယ်။ ခင်ဗျားတို့ပစ်တာဟုတ်ပါသလားလို့မေးတော့ ကျွန်တော်တို့က မဟုတ်ဘူး။ ကျွန်တော်တို့မှာ ဒီလို မူဝါဒမရှိဘူး။ ညွှန်ကြားမှုမရှိဘူး။ အရင်ကလည်း မလုပ်ဘူး၊ နောင်မှာလဲ မလုပ်ဘူးလို့ ငြင်းဆိုခဲ့တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသွားသည်။
ယခုတွေ့ချိန်သည် ကချင်ပြည်နယ်၊ ဗန်းမော်နှင့်၀ိုင်းမော်မြို့နယ်တို့တွင်စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေချိန် ဖြစ်သည်။
မတ်လဆန်းပိုင်းမှစတင်၍ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
အထူးသဖြင့် စစ်တပ်ကဗန်းမော်မြို့နယ်အကြမ်းဖက် စစ်ကော်မရှင်တပ်က KIA နှင့် PDF များ ထိန်းချုပ်ထားသော နေရာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်းသိရသည်။
ထို့ပြင် နမ်ဖာ၊ တာမိုင်လုံ ဒေသများဘက်သို့လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းအသုံးပြု၍ ဗုံးကြဲများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ဗန်းမော်မြို့နယ်တွင် ပြန်လည်ထိုးစစ်ဆင်လာသဖြင့် KIA နှင့် PDF တပ်များက ခုခံစစ်ဆင်နွှဲနေကြောင်း၊ စစ်တပ်က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမလက်နက်ကြီးများ၏ ပစ်အားကိုအားယူ၍ ထိုးစစ်ဆင်လာနေကြောင်း သိရသည်။
နိရဉ္စရာ