အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်တို့တွင် ဒေသခံ ၁၄,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသည့် အဖွဲ့များထံမှ သိရသည်။
လတ်တလော စစ်အုပ်စု ထိုးစစ်ကြောင့် မင်းတပ်မြို့မှ စစ်ဘေးရှောင်ရသူဦးရေ ၇,၀၀၀ ဝန်းကျင်ရှိကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတဦးက ယမန်နေ့ (ဇွန် ၃) တွင် မဇ္ဈိမကိုပြောသည်။
အလားတူပင် မင်းတပ်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်း၊ ဆောမြို့နယ်တွင်လည်း စစ်အုပ်စု စစ်ကြောင်းဝင်ရောက်မှုကြောင့် ကျေးရွာ ၁၃ ရွာမှပြည်သူများ ထွက်ပြေးခဲ့ရပြီး လက်ရှိတွင် ဒေသခံ ၇,၀၀၀ နီးပါးခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း အညာတောအိမ်အဖွဲ့ကလည်း ပြောသည်။
လက်ရှိတွင် စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မင်းတပ်မြို့နယ်အတွင်းသို့ အင်အား ထောင်ကျော်ဖြင့် စစ်ကြောင်းထိုးနေရာ အဆိုပါစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မင်းတပ်မြို့နှင့် ၁၀ မိုင်ဝန်းကျင်ခန့်အကွာတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိကာလသည် မိုးတွင်းကာလဖြစ်သည့်အတွက် မင်းတပ်မြို့ရှိ စစ်ဘေးရှောင်များအတွက် အခက်အခဲများရှိပြီး ၎င်းတို့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များ များစွာရှိနေကြောင်း ဆိုသည်။
“မိုးတွင်းကာလက ကျွန်တော်တို့ ချင်းပြည်နယ်မှာ နေဖူးသူတိုင်း ခံစားကြပါလိမ့်မယ်။ တော်တော်ကို ဆိုးရွားတဲ့ကာလပါ။ မိုးတွင်းကာလမှာ ကျွန်တော်တို့ အဝတ်အစားတွေ စိုထိုင်းမှုတင်မကဘူး။ (စစ်ဘေးရှောင်တွေ ထွက်ပြေးရတဲ့အခါ ရိက္ခာတွေကို မိုးရွာထဲမှာသယ်ရလို့) အစားအသောက်တွေ အကုန်လုံးစိုထိုင်းတယ်။ မှိုလိုက်ပါတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် စစ်ဘေးရှောင်များကို ကူညီခြင်း၊ ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ခြင်းများကို အတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်းလည်း ဆိုသည်။
လက်ရှိ မင်းတပ်မြို့နယ်တွင် လတ်တလော စစ်ဘေးရှောင်ရသည့် ဒေသခံ ၇,၀၀၀ ဝန်းကျင်အပြင် ယခင်ကတည်းက မင်းတပ်မြို့ထဲ မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေရာများတွင် ဆက်လက်နေထိုင်နေရသည့် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ခန့်ရှိရာ စုစုပေါင်း မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်ရသူ ၁၇,၀၀၀ ဝန်းကျင်ရှိကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းထားသည်။
ချင်းပြည်နယ်တောင်ပိုင်း၏ ဝင်ပေါက်လည်းဖြစ်သည့် မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်းသို့မူ စစ်အုပ်စုက ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းကြောင့် ဆောမြို့နယ်၊ တပြင်းကျေးရွာဘက်တွင်လည်း မေလထဲတွင် CDM ကျောင်းဆရာတဦးအပါအဝင် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံခဲ့ရသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကစပြီး ပခုက္ကူမြို့မှ အနောက်ဘက်ခြမ်း ပေါက်၊ မြိုင်၊ မြစ်ခြေ၊ ဆောမြို့နယ်အပါအဝင် ယောဒေသများသို့ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်စည်ပစ္စည်းများ သယ်ယူခွင့်လည်း ပိတ်ဆို့ဖြတ်တောက်ထားသည်။
မဇ္ဈိမ