စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့၊ ရေမျက်ကြီးအင်း အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ် ၈၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့သည်ဟု အာဏာပိုင်များနှင့်ဒေသခံများက ဆိုသည်။
စစ်ကိုင်းမြို့ခံတစ်ဦးက “မြို့ပေါ်ကတော့ တော်တော်ဖြစ်တာပေါ့ကွာ၊ ရွာဘက်ကတော့ အဲ့လောက်မဆိုးဘူး။ လမ်းတွေနဲ့အိမ်တွေကတော့ ပြိုတဲ့ဟာတွေက ပြိုတာပေါ့ကွာ။ အိမ်ကြီးတဲ့ဟာတွေကတော့ ပြိုတာပေါ့အကုန်” ဟု ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များရှိ နေအိမ် ရာနှင့်ချီ ပြိုကျပျက်စီးခဲ့သလို တချို့သောနေအိမ်များသည် မပြိုသော်လည်း ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့သည်။
ယင်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် အချိန်မီ ကူညီ ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိသလို သတင်းအချက်အလက်ရရှိမှုများလည်း နောက်ကျခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်းပျက်၊ မီးက ပြန်မရသေးတော့ အကုန်လုံး ပျက်ကုန်တာ။ မြို့ပေါ်မှာက ကယ်ဆယ်တဲ့မီးသတ်တွေလည်း ထိတာ။ အကုန် အပြိုအပျက်တွေကြီးပဲ၊ တစ်ပတ်လောက်ကြာမှ ဟိုကဒီက လာကူကြတာ။ မင်းငါ့နယ် ငလျင်လှုပ်တော့ ငါ့အိမ်တောင်ပြိုပြီလို့ကိုထင်တာ တော်သေးတယ် ဘာမှမဖြစ်လိုက်ဘူး၊ မြို့ပေါ်ကို တက်ကြည့်တော့မှ တော်တော်ကြီးကိုဆိုးတာ” ဟု စစ်ကိုင်းမြို့ခံ နောက်တစ်ဦးက ပြောသည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း-မန္တလေး ဧရာဝတီမြစ်ကူးတံတားတစ်စင်း ပြိုကျပျက်စီးခဲ့သလို တံတားအသစ်လည်း ချဉ်းကပ်လမ်းပျက်စီးမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုကြသည်။
လက်ရှိတွင် စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီး ပြိုကျပျက်စီးနေသည့် နေအိမ်များကို ပရဟိတအဖွဲ့များက ရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။
စစ်ကိုင်းငလျင်ကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့သည့်အပြင် သေဆုံးသူ စစ်ကိုင်းတိုင်းက မြို့နယ် (၃) ခုတွင် သေဆုံးသူ ၄၇၁ ဦး၊ ဒဏ်ရာရရှိသူ ၆၈၈ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ စေတီပုထိုးအကုန်နီးပါး၊ စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦး ပုညရှင်၊ မင်းကွန်းဒေသရှိ နာမည်ကျော်သည့် သမိုင်းဝင် မင်းကွန်းပုထိုးတော်ကြီး၊ မြသိန်းတန်ဘုရားတို့ ပြိုကျပျက်စီးခဲ့သည်။
တဖက်တွင်လည်း ငလျင်ဘေးဒဏ်သင့် လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီများကို စစ်ကောင်စီက နိုင်ငံရေးလက်နက်သဖွယ် ချုပ်ကိုင်အသုံးချမှု မဖြစ်စေရန် အာရှနိုင်ငံများနှင့် နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးတောင်းဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။