စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်၍ အန္တရာယ်ကင်းရာအရပ်သို့ အရပ်သားအဖြစ် ရွှေ့ပြောင်းနေထိုင်လိုသူများအား လိုအပ်သည့် စီမံချိတ်ဆက်မှုများပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တော်လှန်ရေးအစုအဖွဲ့ (၄၁) ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။
မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထိုဘုံသဘောထားထုတ်ပြန်ချက်တွင် တော်လှန်ရေးအင်အားစုများ အနေဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေး အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သလို အတင်းအကြပ် စစ်မှုထမ်းစေသည့် စစ်ကောင်စီ၏အစီအစဥ် အကောင်အထည်မဖော်နိုင်ရန် အချက် ၅ ချက်ဖြင့် တုံ့ပြန်ဆောင်ရွက်မည်ဟု ဆိုသည်။
“စစ်အုပ်စုဟာ ပြည်သူကိုပြန်ပေးဆွဲ၊ ငွေညှစ်တာတွေ လုပ်တဲ့အခါမှာ ပြည်သူတွေရဲ့စိုးရိမ်မှုက မြင့်တက်လာတယ်။ စစ်တပ်အတွက် စစ်တိုက်ပေးရမယ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ဘူး။ ပြေးစရာလည်း မြေမရှိ ပေးစရာလည်း ငွေမရှိတဲ့ ပြည်သူတွေအတွက် ဘယ်ကိုသွားရမလဲဆိုတာ ဖြစ်လာတဲ့အခါ ပြည်သူတွေဟာ ကူကယ်ရာမဲ့ မဟုတ်ဘဲနဲ့ တော်လှန်ရေးအင်အားစုတွေက တသားတည်းရှိတာကို ပြချင်တယ်” ဟု ထုတ်ပြန်ချက် ပါ စစ်အာဏာရှင်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) မှ ပြောခွင့်ရသူ ဒေါ်နှင်းနှင်းမွှေးက ပြောသည်။
ထိုအထဲတွင် စစ်အုပ်စုအန္တရာယ်ကင်းသည့်အရပ်၌ သာမန်အရပ်သားအဖြစ်သာ ရွှေ့ပြောင်းနေထိုင်လိုသူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား လိုအပ်သည့် စီမံချိတ်ဆက်မှုပေးနိုင်ရန် မိမိတို့အနေဖြင့် ညှိနှိုင်း လုပ်ဆောင်မည်ဖြစ်သလို ရေရှည်စားဝတ်နေရေးနှင့် ရပ်တည်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အကြောင်းမျိုးစုံဖြင့် အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းခြင်းခံနေရသူများကို တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏လုပ်ရပ်အပေါ် တန်ပြန်နိုင်ရေးအတွက် လိုအပ်သည့်ရင်းမြစ်များကို ထောက်ပံ့နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး အခြားသောအရပ်ဘက်အဖွဲ့နှင့် ပြည်သူများကိုလည်း တော်လှန်ရေးကဏ္ဍများတွင် ပါဝင် ကြရန် ကမ်းလှမ်းထားသည်။
GSC အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများသည် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဖြိုချနိုင်ရန် လက်တွဲဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် သဘောပေါက်နားလည်ရန်လိုကြောင်း ထုတ်ပြန်ချက်ထုတ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဒေါ်နှင်းနှင်းမွှေးက အခုလိုဆက်ပြောသည်။
“စစ်အုပ်စုကို ဖြိုချနိုင်အောင် ကျမတို့အတူတကွ လက်တွဲလုပ်ကြရမှာ ဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း ကျမတို့နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ စစ်အုပ်စုက ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်နေတာ စစ်အုပ်စု မရှိမှ ဖြစ်မယ်ဆိုတာကို သဘောပေါက်နားလည်ပြီး စစ်ရေးနိုင်ငံရေးအရ သံတမန်ရေးအရ ကျမတို့ဘက်က ရပ်တည်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတဲ့ စဥ်းစားချက်နဲ့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
နွေဦးတော်လှန်ရေး အရှိန်ရလာသည်နှင့် တပြိုင်တည်း စစ်ကောင်စီ၏ လူအင်အားအရင်းအမြစ်များ တစထက်တစ ဆုံးရှုံးလာသည့်အပေါ်တွင် ထိုကဲ့သို့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခြင်းသာဖြစ်၍ တရားမဝင် အာဏာသိမ်းထားသည့် စစ်အုပ်စုဖြစ်သောကြောင့် တရားမဝင် အမိန့်ဥပဒေသာ ဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက သုံးသပ်ပြောဆိုထားသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဥပဒေအရ အကျုံးဝင်သူ အကျုံးမဝင်သူများကိုပါ စစ်မှုထမ်းရန် အတင်းအကြပ် စေခိုင်းလာသဖြင့် လူငယ်အများအပြား လွတ်မြောက်နယ်မြေများသို့ ခိုလှုံနေကြသလို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မှုများလည်း များပြားလာကြောင်း သက်ဆိုင်ရာနယ်မြေ သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။
KIC ပေးပို့သည်။