ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဆိုက္ကားနင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသားတဦးကို စစ်အုပ်စုတပ်က ပေါ်တာဆွဲဖမ်းဆီးပြီးနောက်၊ စစ်မှုထမ်းဥပဒေ သတ်မှတ်ချက်အတွင်း ဝင်ဆံ့စေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) နှင့် ပူးပေါင်းကာ အသက် ၃၅ နှစ်အဖြစ် မှတ်ပုံတင်အသစ် အဓမ္မပြုလုပ်၍ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
ထိုသို့ အသက်အစစ်အမှန်ကို လျှော့ချကာ အဓမ္မစစ်သင်တန်း ပို့ဆောင်ခံရသူမှာ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ နဂါးကျေးရွာဇာတိ ဦးမြင့်ဆိုင်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏မိသားစုဝင်များက အကူအညီတောင်းခံလျက်ရှိသည်။
ဦးမြင့်ဆိုင်သည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်အတွင်း မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကားနင်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့် နှစ်လနီးပါးခန့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။
ထို့နောက် မေလ ၁၀ ရက် (သို့မဟုတ်) မေလ ၂၀ ရက်နေ့တွင်မှ မိသားစုထံ ပြန်လည်ဆက်သွယ်လာခဲ့ရာ ၎င်းသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အခြေစိုက် အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းခွဲ (၁) တွင် စစ်မှုထမ်းအပတ်စဉ် (၂၅) အတွက် စစ်သင်တန်း တက်ရောက်နေရကြောင်း သိရှိခဲ့ရသည်။
အဆိုပါ သတင်းစကားကြောင့် မေလ ၃၁ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီနှင့် ဆရာတော် ဦးဇောတိတို့က ရမည်းသင်းစစ်သင်တန်းကျောင်းသို့ သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ရုပ်သံဖိုင်ထဲတွင် ပြောဆိုထားသည်။
ထိုသို့ သွားရောက်တွေ့ဆုံချိန်တွင် စစ်အုပ်စုတပ်သည် ဦးမြင့်ဆိုင် ယခင်ကိုင်ဆောင်ထားသော မူလနိုင်ငံသားစိစစ်ရေးကတ်ပြား (၈/မကန(နိုင်) ၀၈၁) ကို သိမ်းယူဖျက်ဆီးခဲ့ပြီးနောက်၊ မွေးသက္ကရာဇ်အသစ်နှင့် မှတ်ပုံတင်နံပါတ်အသစ် (၈/ရနခ(နိုင်) ၁၀၅) ဖြင့် အသက် ၃၅ နှစ်အဖြစ် ပြောင်းလဲကာ မှတ်ပုံတင်အသစ် ထုတ်ပေးထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်မှတဆင့် ဖွင့်ဟထုတ်ဖော်ထားသည်။
အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဦးမြင့်ဆိုင်ကို ဘုန်းတော်ကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံထုတ်ယူခဲ့သော်လည်း စစ်သင်တန်းကျောင်းဘက်က လွှတ်မပေးခဲ့ကြောင်း ဇနီးဖြစ်သူထံက သိရသည်။
ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသည့် ဦးမြင့်ဆိုင်သည် ကျန်းမာရေးမကောင်းသည့် ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီအပြင် သားသမီး သုံးဦးရှိပြီး မိသားစုကို အဓိကရှာဖွေကျွေးမွေးနေရသူဖြစ်ခြင်းကြောင့် လက်ရှိတွင် ကျန်ရစ်သူမိသားစုဝင်များမှာ ရပ်တည်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုထားသည်။
အလားတူ ရန်ကုန်မြို့တွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခံရသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ရှိနေသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်လူငယ်နှစ်ဦးဖြစ်သော ပြည့်ဖြိုးဝေနှင့် ကိုကိုနိုင်တို့သည် ဒညင်းကုန်းဈေးအနီးတွင် ပန်းရံလုပ်ကိုင်ရင်း ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက အကူအညီတောင်းခံထားရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ထို့ပြင် မေလအတွင်းကပဲ မန္တလေးမြို့မှာ ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်တခုတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးငယ်တဦး လမ်းတွင် အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်းကလေးကို အသက်ပြည့်ပြီးသားဖြစ်ကြောင်း သက်သေပြရန်အတွက် မှတ်ပုံတင်အတု ပြုလုပ်၍ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြလာသည်။
ထိုဖြစ်စဉ်ကို မိဘများက အချိန်မီ လိုက်လံစုံစမ်းနိုင်ခဲ့သည့်အတွက် ကလေးငယ်မှာ မိဘလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း၊ အများစုမှာ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရတော့ဘဲ စစ်သင်တန်းကျောင်းများသို့ ရောက်ရှိသွားကြရသည်။
လက်ရှိတွင် စစ်အုပ်စုတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများတွင် လူငယ်များကို ဧည့်စာရင်းစစ်ဆေး၍ ဖမ်းဆီးခြင်းအပြင် အလုပ်သွားအလုပ်ပြန် လမ်းခရီးများတွင်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့သည်။
စစ်အုပ်စုသည် မြို့ပြနှင့် ကျေးရွာများရှိ လူငယ်များနှင့် လက်လုပ်လက်စား သာမန်လူတန်းစားများကို အဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မျက်နှာပြင်များတွင် လူသားဒိုင်းအဖြစ် အသုံးပြုရန် စေလွှတ်လျက်ရှိကြောင်း အလင်းဝင်လာသည့် စစ်မှုထမ်းဟောင်းတပ်သားများ၏ ပြောကြားချက်များအရ သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းများကို အမှတ်စဥ် (၂၄) ထိ ဖွင့်လှစ်ထားပြီး လစဥ် ပျမ်းမျှသင်တန်းသား ၄,၈၀၀ စုဆောင်းရရှိခဲ့သည်။ ဧပြီလကုန်ထိ အမှတ်စဥ် (၂၂) အား သင်တန်းဆင်းခဲ့ကာ စစ်မှုထမ်းတပ်သား တသိန်းကျော်ကို လေ့ကျင့်သင်တန်းဆင်းပေးထားသည်ဟု MDSI ထံက သိရသည်။
လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (Myanmar Defense & Security Institute – MDSI) မှ ပြုစုထားသည့် မှတ်တမ်းများအရ ပြည်သူ့စစ်မှုထမ်းသင်တန်း လက်ခံလေ့ကျင့်ပေးနေသော သင်တန်းကျောင်း ၂၈ ခုထိ ရှိလာပါသည်ဟု မေ ၁၁ တွင် ထုတ်ပြန်ထားသည်။
မဇ္ဈိမ