စစ်မှုထမ်းလူစားထိုးရန် အရပ်သားပြည်သူများကို စစ်ကြောရေးတွင် ဖမ်းဆီးထားဟုဆို

0
136
ပုံစာ - အမှတ် (၉) စစ်အခြေခံ ခြေလျင်တပ်သားသစ်သင်တန်းဆင်းပွဲ (Photo - ရဲဝံ့စွန့်စားပြည့်ချစ်သား)

စစ်မှုထမ်းခြင်းမှ တိမ်းရှောင်နိုင်ရန် ပိုက်ဆံပေးထားသူများအတွက် လူအစားထိုးရန် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီက စစ်ကြောရေးတွင် ဖမ်းဆီးထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံထားရသူများအား စစ်ကြောရေးမှတဆင့် သင်တန်းပို့ချမည့် နေရာများသို့ ပို့ဆောင်သွားမည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတို့က ဆိုသည်။

အမည်စာရင်း ချန်လှပ်ထားသည့် နေရာများတွင် အစားထိုးထည့်သွင်းရန်အတွက် အပြစ်မဲ့အရပ်သား ပြည်သူများကို ဖမ်းဆီးပြီး သီရိမင်္ဂလာစျေးအနီးရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရိပ်သာအတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“လူအစားထိုးဖို့ လူမရှိမှ သွားဖမ်းတာ။ စစ်ကြောရေးကိုပို့တာက ရဲစခန်းမှာ ၂ ရက်လောက် ဖမ်းထားပြီးမှ အဝတ်အစားဝယ်ပေး၊ ဖုန်းဝယ်ပေး၊ မုန့်ဖိုးတစ်သိန်းလောက် ပေးပြီးမှ စစ်ကြောရေးကိုလွှတ်တာ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဒလနှင့် ကော့မှူးမြို့နယ်များမှ လူငယ်အများစုဖြစ်ပြီး ၎င်းတို့အား လမ်းမများပေါ်တွင် မှတ်ပုံတင်စစ်ဆေးခြင်းနှင့် သံသယရှိသူများအဖြစ် သတ်မှတ်ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူများအား ၂ နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ခံဝန်လက်မှတ်ထိုးခိုင်းကာ တာဝန်မထမ်းဆောင် ပါက မိသားစုဝင်များအား အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများ စစ်ကြောရေးမှ ထွက်ပြေးမှုများ မဖြစ်ပေါ်စေရန် ဌာနဆိုင်ရာများမှ အမျိုးသားဝန်ထမ်းများအား တပတ်အလှည့်ကျ သွားရောက်စောင့်ကြည့်ရကြောင်း ယင်းအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

“အပြစ်မရှိဘဲ ဖမ်းထားတဲ့လူတွေ အများကြီးပါပဲ။ သူတို့တွေ ထွက်ပြေးမှာစိုးလို့ဆိုပြီး အခြားဌာနကရော ကျနော်တို့ဌာနက ယောက်ကျားလေးတွေပါ တစ်ပတ်ကို အလှည့်ကျနှစ်ယောက် စစ်ကြောရေးမှာ သွားစောင့် ရပါတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ဖမ်းဆီးထားသူများအား တစ်ပတ်ကြာမြင့်ချိန်တွင် သင်တန်းပို့ချရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) အနီးရှိ စစ်ကြောရေးတပ်တစ်ခုသို့ ပို့ဆောင်သွားမည်ဟု သည်။

ကျောက်တံတားမြို့နယ်မှ လူအစားထိုးရန်ဟုဆိုကာ အမျိုးသားတစ်ဦးအား ၎င်းမိသားစုအတွက် ထောက်ပံ့ကြေး သိန်း ၂၀ ပေးမည်ဟုပြောဆိုပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

သို့သော် အဆိုပါအမျိုးသား၏ မိသားစုမှာ ငွေ ၂ သိန်းခွဲသာ ရရှိခဲ့ကြောင်းနှင့် အစားထိုးဝင်ရောက်သူ၏ ဇနီးမှာ ကိုယ်ဝန်ဆောင်ထားသူ ဖြစ်သည်ဟု ထိုမိသားစုနှင့်နီးစပ်သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်မှုထမ်းဆောင်လိုခြင်း မရှိသည့်အတွက် ငွေပေး၍ အမည်စာရင်း ချန်လှပ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ယင်းအပြင် ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် အမည်စာရင်း မပါချင်ပါက လစဉ် ၃၀,၀၀၀ ကျပ် ပေးဆောင်ရကြောင်းနှင့် လစဉ်ပေးဆောင်သူများအား နာမည်စာရင်း မထည့်သွင်းထားကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ဒလမြို့ခံတစ်ဦးက “အသက်မီတဲ့ အမျိုးသားတွေထဲက နာမည်စာရင်း မပါချင်တဲ့လူရှိရင် လစဉ် သုံးသောင်း ထောက်ပံ့ရမယ်ဆိုပြီး ကောက်တယ်။ တတ်နိုင်သူတွေကတော့ ပေးတာပေါ့။ ပေးတဲ့လူတွေကိုတော့ နာမည်စာရင်း ထည့်သွင်းတာမျိုး မလုပ်ထားဘူး” ဟု ပြောသည်။

သာကေတမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ထူပါရုံ ၂၃ လမ်းထိပ်တွင်ရှိသည့် ဓမ္မစေတီဘုရား အနီးတွင်လည်း ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် လမ်းသွားလမ်းလာများအား ဖမ်းဆီးစစ်ဆေး၍ ငွေတောင်းခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘုရားဘေးက တစ်လမ်းကျော် ဘောလုံးကွင်းမှာ သူတို့တစ်တပ်လုံးပဲ ရှိတယ်။ ဘုရားမှာတော့ ကင်းချထား တယ်။ ညနေစောင်းအချိန်ဆို လမ်းသွားလာသူတွေကို ဖုန်းတွေစစ်၊ သုံးဘီးတွေကို စစ်တယ်။ တချို့ကို ငွေတောင်း ပြီး လွှတ်ပေးတယ်။ တချို့ကိုတော့ ဘုရားနားမှာရှိတဲ့ အမှတ် (၂) ရဲစခန်းကို ခေါ်သွားတာမျိုးရှိတယ်” ၎င်းက ဆိုသည်။

စစ်ကောင်စီမှ စစ်မှူထမ်းဆောင်မည့် လူငယ်များကို အခြေခံစစ်သင်တန်း သင်ကြားပို့ချပြီးချိန်၌ မိမိဆန္ဒရှိသည့် တိုင်း၊ပြည်နယ်ရှိ အထိုင်တပ်များတွင် စစ်မှုထမ်းကာလ ပြည့်သည့်အချိန်ထိ ရွေးချယ်ပြီး တာဝန်ထမ်းဆောင်နိုင်သည်ဟု စီမံချက်တွင် ဖော်ပြထားသော်လည်း လက်တွေ့တွင် စစ်ရေးပြင်းထန်နေသည့် ဒေသများရှိ တပ်စခန်းများကို ပို့ဆောင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်နေသည့်အတွက် သေဆုံးမှုများရှိလာသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here