စစ်မှုထမ်းရန်ရှောင်တိမ်းပါက မိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများပြောဆို

By MPM 19 မတ်, 2024 👁

ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် နာမည်စာရင်းတွင်ပါဝင်နေသူများ နေအိမ်မှ ရှောင်တိမ်းမှုရှိပါက မိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှသိရသည်။

တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စုနှင့် ရှမ်းဝါးတီးကျေးရွာများတွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူများ စာရင်းထွက်ရှိလာပြီး တောင်ငူ-သံတောင်လမ်း (၆)မိုင် အုပ်ချုပ်ရေးမှူးက ထိုစာရင်းတွင်ပါဝင်နေသူများ နေရပ်မှ ရှောင်တိမ်းနေသည်ကိုတွေ့ရှိလျှင် ကျန်ရှိမိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း တောင်ငူဒေသခံတစ်ဦးက ပြောသည်။

“တပတ်တခါ မဲနှိုက်ရမယ်တဲ့။ လူကိုယ်တိုင်မလာရင် မိဘကလာနှိုက်ပေးရမယ်။ ကျောက်တိုင်အုပ်စုက ဒီအပတ် သောကြာနေ့ စနှိုက်ရမှာ။ အုပ်ချုပ်ရေးမှူးက နာမည်စာရင်းမှာ ပါတဲ့သူတွေ အသိမပေးဘဲ ရှောင်နေရင် မိသားစုဝင်တွေ၊ မိဘတွေကို ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ သင်္ကြန်ပြီးရင်လည်း မိန်းကလေးတွေ လာတော့မယ် စာရင်းတော့ မှတ်နေပြီ” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းရမည့် အမည်စာရင်းတွင် ပါဝင်နေသူများမှာ အသက် ၂၀ နှစ် မှ ၃၅ နှစ်အတွင်း အမျိုးသားများဖြစ်ပြီး ၎င်းတို့၏မိဘအမည်နှင့်တကွ ယှဥ်တွဲဖော်ပြထားကြောင်း ဒေသခံများ၏ပြောပြချက်နှင့် အဆိုပါအမည်စာရင်းအရ သိရသည်။

အမည်မဖော်လိုသူ နောက်ထပ်ဒေသခံတစ်ဦးကလည်း “ကျောက်တိုင်ဘက် ရွာလူကြီးကတော့ ပြောတာ စစ်မှုထမ်းဖို့ နာမည်စာရင်းတော့ စစ်တပ်ကို ပေးထားပြီးပြီ။ စာရင်းမှာပါတဲ့လူတွေ မသွားဘူးဆိုရင် မင်းတို့ လာဖမ်းချင်ရင်တော့ လာဖမ်းကြ။ ငါတို့တာဝန်က နာမည်စာရင်းပေးရမှာပဲရှိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း မထုတ်ပြန်ခင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကတည်းက အဆိုပါ ရှမ်းဝါးတီးကျေးရွာနှင့် အနီးရှိကျေးရွာများသို့ အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်သားများ လာရောက်၍ ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ မဲနှိုက်စေခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး မဲပေါက်၍ စစ်မှုမထမ်းလိုသူ များအား ငွေကျပ်သိန်းဂဏန်းအထိ တောင်းခံခဲ့ကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့က စစ်မှုထမ်းရန် တစ်နှစ်လျှင် အင်အား ၅၀,၀၀၀ နှုန်းဖြင့် အပတ်စဥ်တစ်ခုလျှင် လူပေါင်း ၅,၀၀၀ အား ယခုနှစ် ဧပြီလနောက်ပိုင်းမှ စတင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အချိန်မတိုင်ခင်ကတည်းက အတင်းအကြပ် တပ်သားစုဆောင်းမှုများကို နိုင်ငံအနှံ့ ပြုလုပ်လာနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ယင်းသို့လူအင်အားစုဆောင်းမှုများသည် စစ်ရေးအင်အားချိနဲ့လာမှုကြောင့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် လုပ်ဆောင်သည့် လုပ်ရပ်များဖြစ်သလို ပြည်သူလူထုအား လူသားဒိုင်းအသွင်သို့ အသုံးချရန်ကြံရွယ်သည့် လုပ်ရပ်များလည်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။

KIC ပေးပို့သည်။