မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ အမျိုးသား ၄ ဦးကို ဩဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်းရန် အကြောင်းပြချက်ဖြင့် ၎င်းတို့၏နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ပြောဆိုမှုအရ သိရသည်။
စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား ၃ စီးဖြင့် မြောက်ပိုင်းရပ်ကွက်ရှိ အဆိုပါလူငယ်အမျိုးသားများ၏ နေအိမ်အတွင်းထိ ဝင်ရောက်၍ စစ်မှုထမ်းရန် နာမည်စာရင်း ပါသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ရဲတွေပါတယ် ကျန်တဲ့အုပ်ကြီးတွေရော အရပ်သားတွေရော မပါဘူး။ ကား ၃ စီးနဲ့ အင်အား ၃၀ လောက်နဲ့ လာပြီး အဲ့ဒီ ၄ ယောက်ကို စစ်မှုထမ်းဖို့ ဖမ်းသွားတာ။ စာရင်းထဲပါတဲ့ လူငယ်တွေလည်း ရှောင်နေရတယ်။ ဟိုရက်ကလို စာရင်းထဲပါတဲ့ အိမ်တွေကို လိုက်မမေးတော့ပေမယ့် ဘယ်သူက ဘယ်အိမ်ဆိုတာ အတိအကျ ပြောပေးတဲ့သူတွေ ရှိတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့မှ စ၍ စစ်မှုထမ်းအပတ်စဥ် (၄) အတွက် စစ်မှုထမ်းရန် လူစာရင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့ပေါ် ရပ်ကွက် ၆ ခုလုံးသို့ လူရှိမရှိ လိုက်လံမေးမြန်း စစ်ဆေးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းနောက် စစ်ကောင်စီတပ်က မော်တော်ယာဥ် ၂ စီးဖြင့် မြို့တွင်းပတ်၍ စာရင်းပါဝင်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သလို လူမသိသူမသိ ဖမ်းဆီးခံလိုက်ရသူများလည်းရှိကြောင်း မြို့ခံတချို့၏ပြောပြချက်အရ သိရသည်။
ကျိုက်ထိုမြို့နေလူငယ်များ ကြုံတွေ့နေရသည့်အခြေအနေကို အဆိုပါမြို့ခံအမျိုးသားက “ရဲကားနှစ်စီး အင်အား ၁၀ လောက်က တစ်နေကုန်မြို့ထဲ လိုက်ပတ်ပြီး ဆွဲနေတာ။ နေ့တိုင်းပဲ။ တခြားဖမ်းခံရတဲ့သူတွေလည်း ရှိသေးတယ်။ နောက်ပြီး လူမသိသူမသိ လိုက်ဆွဲနေတာတွေလည်းရှိတယ်” ဟု ပြောပြသည်။
ကျိုက်ထိုမြို့ပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးမှုများအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နှင့် ပတ်သက်မှု၊ ထောက်ပို့လုပ်ဆောင်မှုဖြင့် မြို့ခံလူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးနေမှုကြောင့် ဖမ်းဆီးခံရာမှ ပြန်လွတ်ရေး၊ စစ်မှုထမ်းနာမည်စာရင်းမှ ပယ်ဖျက်ပေးရေး သက်ဆိုင်ရာမိသားစုဝင်တချို့မှ ငွေကြေးဖြင့် လိုက်လံညှိနှိုင်းရသည်လည်း ရှိကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အပတ်စဥ် (၁) သင်တန်း စတင်ခေါ်ယူချိန်တွင် မြို့နယ်အလိုက် သတ်မှတ်ထားသော စစ်မှုထမ်းလူဦးရေအတိုင်း မပြည့်မီသောကြောင့် မြို့နေလူငယ်များအား စစ်မှုထမ်းရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများအပြင် ယခုလို အိမ်တိုင်ရာရောက် ဖမ်းဆီးသည်အထိ ပိုမိုဆိုးဝါးလာသည်ဟု မြို့ခံများက ပြောဆိုသည်။
KIC ပေးပို့သည်။