စစ်မှုထမ်း တပ်သားသစ်များကို လူသားလှိုင်း စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အသုံးပြုနေ

By MPM 26 ဇန်နဝါရီ, 2026 👁

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် ရှေ့တန်းစစ်မြေပြင်တွင် အတင်းဓမ္မ စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားသစ်များကို လူသားလှိုင်း စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ အသုံးပြုနေကြောင်း ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သားများက ပြောဆိုကြသည်။

စစ်ကောင်စီက လူငယ်အပါအဝင် စစ်မှုထမ်း အကျုံးဝင်သူများကို ဖမ်းဆီးကာ အခြေခံစစ်သင်တန်းပေးပြီး တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် စစ်မြေပြင်သို့ ဆက်တိုက် ပို့ဆောင်လျက်ရှိနေသည်။

ရှေ့တန်းစစ်မြေပြင်တွင်လည်း စစ်ကောင်စီ အရာရှိများက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့ဆုံးက တက်ရောက်တိုက်ခိုက်နေပြီး တပ်ပြန်ဆုတ်သူများကိုလည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း ဖမ်းဆီးခံ စစ်ကောင်စီ တပ်သားသစ်များက ပြောသည်။

“ပင်ပန်းမယ့်အလုပ်တွေဆိုရင်လည်း ကျနော်တို့ ပ/စတွေကို ခိုင်းပါတယ်။ ရန်သူနဲ့ တိုက်ပွဲဝင်ရမယ် ရှေ့ကို တိုက်ရမယ်ဆိုရင်လည်း ကျနော်တို့ကို ရှေ့ကို တက်ခိုင်းပါတယ်။ သူတို့တွေက နောက်မှာနေပါတယ်။ ထိခိုက်မှုကျဆုံးမှုတွေ များတာကတော့ ကျနော်တို့ ပ/စတွေပဲ များပါတယ်” ဟု အမ်း – ပဒါန်းလမ်း ပဇီကျေးရွာတိုက်ပွဲအတွင်း AA က ဖမ်းဆီးခံရမိခဲ့သည့် ကိုယ်ပိုင်အမှတ် ပစ/၁၆၈၂၇၃ တပ်သား ချစ်ကိုဇင်က ဇန်နဝါရီ ၂၃ ရက်တွင် AA ထုတ်ပြန်သည့် ရုပ်သံဖိုင်၌ ပြောဆိုထားသည်။

၎င်းက ဆက်လက်၍ “ ကျနော်တို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရှေ့ကိုလည်း မပြေးရဲ၊ နောက်ကိုလည်း မဆုတ်ရဲပါ။ ရှေ့ကိုပြေးရင်လည်း ရန်သူရဲ့ ပစ်သတ်တာခံရမယ်၊ နောက်ဆုတ်ရင်လည်း ကျနော်တို့ တပ်ရင်းမှူးက ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာခံရပါတယ်” ဟု တပ်သား ချစ်ကိုဇင်က ဆိုသည်။

တပ်သား ချစ်ကိုဇင်မှာ ပဲခူးတိုင်းဇာတိဖြစ်ပြီး ရန်ကုန်မြို့ တွင် ပန်းရံနေ့စားအလုပ်လုပ်နေစဉ် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် အလုပ်မှပြန်လာစဉ် ည ၉ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး နောက်တစ်နေ့တွင် စစ်တပ်ထဲဖိအားပေးဝန်ခိုင်းကာ စုဆောင်းရေးတွင် တစ်ကျော်နေထိုင်ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် အခြေခံစစ်သင်တန်းတက်ရောက်ခဲ့သည် ဟု တပ်သား ချစ်ကိုဇင် ပြောသည်။

ယင်းနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် သင်တန်းဆင်းပြီး မွမ်းမံကျောင်းသို့ ထပ်မံပို့ဆောင်ခံရကာ ယင်းမှတစ်ဆင့် ခမရ ၂၅၉ တပ်ရင်းသို့ ပို့ဆောင်ခံရသည်။

ယင်းမှတစ်ဆင့် အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပဒါန်းမြို့ အမြောက်တပ် စစ်မြေပြင်သို့ စစ်မှုထမ်းတပ်သား ၁၁၈ ဦးနှင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်သား ချစ်ကိုဇင်က ထုတ်ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ မကွေးတိုင်း အမ်း – ပဒါန်းလမ်း ပဇီကျေးရွာတိုက်ပွဲအတွင်း အာရက္ခတပ်တော်၏ ဖမ်းဆီးခံကို ခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတဝန်း စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများ ပြန်လည်ထိန်းချုပ်ရေးအတွက် အသည်းအသန်ကြိုးပမ်းနေပြီး ထိုသို့ လုပ်ဆောင်ရာမှာလည်း စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အလွန်အကျွံ အသုံးပြုနေသည်။

စစ်ကောင်စီ အတင်းဓမ္မ ဖမ်းဆီးစုဆောင်းထားသော စစ်မှုထမ်းတပ်သားသစ်များမှာ အခြေခံစစ်ပညာ မပြည့်သည့်အပြင် တိုက်ရည်ခိုက်ရည်မရှိသဖြင့် မြေပြင်တွင် ထိခိုက်ဆုံးမှုများကာ ဖမ်းဆီးခံရမှုလည်း များပြားသည်။

“အဓိက စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို လူသားလှိုင်း စစ်ဆင်ရေးအဖြစ် အသုံးပြုနေပြီး လူ့အသက်တွေကို သေဆုံးခိုင်းထားတယ်။ လူငယ်တွေကို ဖမ်းဆီးပြီးတော့ စစ်သင်တန်းပေး ရှေ့တန်း စစ်မြေပြင်မှာ အသေခံ သုံးနေတာ။ ဒါက အင်မတန် ကြောက်စရာကောင်းတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုထဲက တစ်ခုပဲလို့ မြင်တယ်။ စစ်ခေါင်းဆောင်က သူအာဏာတည်မြဲရေးအတွက် လူသားတွေကို ချနှင်းနေတယ်လို့ မြင်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ရှုမြင်ထားသည်။

တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သော ထိုးစစ်များနှင့်အတူ နယ်မြေဆုံးရှုံးမှု များလာပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ တပ်သားလိုအပ်ချက်ကို မရမက ဖြည့်တင်းနေသည်မှာ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၂၁) အထိ ရှိလာပြီဖြစ်သည်။

DMG