စစ်ဘေးရှောင်များ ပြသနာဖြစ်စေမည့် မကောင်းသတင်းထွက်ပါက ရပ်ကွက်ထဲနေခွင့်မရှိဟု မီဇိုးလူငယ်အသင်း ပြောဆို

By MPM 30 မတ်, 2025 👁 7

မြန်မာ – အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် Khawzawl မြို့ Dinthar ရပ်ကွက်ဧရိယာအတွင်းနေထိုင်ကြသည့် စစ်ဘေးရှောင်များအနေဖြင့် ပြသနာဖြစ်စေမည့် မကောင်းသတင်းများထွက်ပေါ်ပါက ရပ်ကွက်ထဲနေခွင့်ပြုမည် မဟုတ်ကြောင်း မီဇိုးလူငယ်အသင်း (YMA Kumpuan Committee) က သတိပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က Khawzawl, Dinthar ရပ်ကွက်မှ မီဇိုးလူငယ်အသင်း (YMA Kumpuan Committee) သည် ၎င်းတို့ဒေသအတွင်းနေထိုင်ကြသော လူမျိုးခြားနှင့် နိုင်ငံခြားသား စစ်ဘေးရှောင်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု မီဇိုရမ်ဒေသတွင်း အခြေစိုက် Bengvarna သတင်းတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့စစ်ဆေးရာတွင် အထူးသဖြင့် မြန်မာနိုင်ငံမှ ရောက်ရှိလာကြသော စစ်ဘေးရှောင်များ၏ နာမည်စာရင်းများအားလုံးကို ကောက်ယူပြီး ရပ်ရွာထဲ၌ ပြသနာရှာခြင်း၊ အနှောက်အယှက်ဖြစ်စေသော လုပ်ဆောင်မှုများရှိသည်ဟု သတင်းများထွက်ပေါ်လာပါက ရပ်ကွက်ထဲ နေထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု သိရသည်။

အခြားဒေသမှ Khawzawl, Dinthar ရပ်ကွက်ဧရိယာအတွင်း ပြောင်းရွှေ့လာကြမည့်သူများအနေဖြင့်လည်း သက်ဆိုင်ရာကျေးရွာက ထုတ်ပေးလိုက်သော ပြောင်းရွှေ့လက်မှတ် မပါရှိပါက အိမ်ငှါးခွင့်မရှိကြောင်း၊ အိမ်ရှင်များအနေဖြင့်လည်း ပြောင်းရွှေ့လက်မှတ်မရှိသူများကို အိမ်ငှါးခွင့်မပြုကြရန် မီဇိုးလူငယ်အသင်းက အသိပေးထားသည်ဟု ဆိုသည်။

ယခုလက်ရှိ Khawzawl, Dinthar ရပ်ကွက်တွင် စစ်ဘေးရှောင် ၁၅ ဦး နှင့် စစ်ဘေးရှောင်မဟုတ်သူ မြန်မာနိုင်ငံသား ၅ ဦးရှိသည်ဟု သိရသည်။

ချင်းပြည်နယ်နှင့် ကပ်လျှက်ရှိနေသော မီဇိုရမ်ပြည်နယ်၌ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းလူမျိုးအများစု ထွက်ပြေးခိုလှုံနေကြသည့် ဒေသဖြစ်သည်။

အစကနဦးပိုင်းတွင် ဒေသတွင်းအစိုးရ၊ ဘာသာရေး၊ အရပ်ဖက်အဖွဲ့အစည်းများက အားတက်သရော ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးခဲ့ကြသော်လည်း စစ်ဘေးရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်များနှင့် ရပ်ရွာလူထုအကြား ပွတ်တိုက်မှု၊ အမြင်မကြည်မှုများလည်း ဖြစ်လာနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

အထူးသဖြင့် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှတဆင့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြားနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ မြင့်တက်လာပြီး ယင်းကဲ့သို့မြင့်တက်လာရခြင်းမှာ စစ်ဘေးရှောင်များဝင်ရောက်လာသည့် နောက်ပိုင်းတွင် ပိုများလာသည်ဟုဆိုကာ စစ်ဘေးရှောင်တချို့လည်း ပါဝင်ပတ်သက်မှုရှိသည်ဟု ဒေသခံ အဖွဲ့အစည်းတချို့က ယူဆမှုများလည်း ရှိနေသည်။

ယင်းအပြင် စစ်ဘေးရှောင်များသည် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော သက်သေအထောက်အထား၊ မှတ်တမ်းများကိုလည်း တရားမဝင်သောနည်းလမ်းဖြင့် ပိုင်ဆိုင်နေကြသည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးရန် အစိုးရထံကိုလည်း ဒေသတွင်းအဖွဲ့အစည်းတချို့က တင်ပြမှုများလည်း ရှိခဲ့သည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင်လည်း စစ်ဘေးရှောင်များကို ဆိုင်ခန်းဖွင့်ခွင့်မပြုတော့ဘဲ ဖွင့်ထားသည့်ဆိုင်ခန်းများကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းကြရန် Farkawn ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားကြောင်း သိရသည်။

KMG ပေးပို့သည်။