စစ်တွေထောင်ရှိ နှစ်ရှည် ထောင်ဒဏ်ကျနေသူများအပါအဝင် အချုပ်သားများကို စစ်မှုထမ်းရန် စည်းရုံးခေါ်ဆိုမှုများရှိနေ

By MPM 20 ဖေ‌ဖော်ဝါရီ, 2025 👁 7

ရခိုင်ပြည်၊ စစ်တွေမြို့ အကျဉ်းထောင်ထဲရှိ နှစ်ရှည် ထောင်ဒဏ်ကျနေသူများအပါအဝင် ရဲအချုပ်ခန်းများမှ အချုပ်သားများကို စစ်မှုထမ်းရန် စစ်ကောင်စီက စည်းရုံးခေါ်ဆိုမှုများရှိနေကြောင်း ထောင်တွင်းနှင့်နီးစပ်သူတို့ ပြောဆိုမှုအရ သိရသည်။

စစ်တွေအကျဉ်းထောင်ထဲတွင် နှစ်ရှည်လများထောက်ဒဏ်ချခံထားရသည့် အကျဉ်းသားများနှင့် ရဲစခန်း အချုပ်ခန်းများထဲမှ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို စစ်မှုထမ်းရန် ဇန်နဝါရီလအတွင်းကစ၍ ထောင်ဝန်ထမ်းနှင့်ရဲများက စစ်မှုထမ်းရန်စည်းရုံးနေသည်ဟု ၎င်းတို့ကပြောသည်။

ထောင်တွင်းနှင့်နီးစပ်သူတစ်ဦးက “အဓိက ထောင်ဒဏ် ၁၀ နှစ်၊ အနှစ် ၂၀ ချမှတ်ခံထားရသူတွေ တချို့က ထောင်ထဲမှာနေရင် သေဒဏ်ပါနိုင်တဲ့သူတွေ၊ ဒီလူတွေကို စစ်မှုထမ်းရင်လွတ်နိုင်တယ်လို့ဆိုပြီး စည်းရုံးတယ်။ အချုပ်သားတွေကိုလည်း ရဲတွေက အမှုဖွင့်တာတို့၊ အမိန့်ချတာတို့ဆိုရင် ကြာနိုင်တယ်။ အခုစစ်မှုသာထမ်းရင် လွတ်ကောင်းလွတ်နိုင်တယ်လို့ ပြောတာတွေရှိနေတယ်။ သူတို့အတင်းမခေါ်ဘူး။ စည်းရုံးပြီးခေါ်တာပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီက စစ်ရေးတွင် အဖက်ဖက်မှ စစ်အင်အားဆုတ်ယုတ်လာသည့်အတွက် စစ်တွေတိုက်ပွဲ၌ အသုံးပြုရန် ယခုကဲ့သို့ တိုက်ပွဲနှင့်သက်ဆိုင်မှု မရှိသည့် အကျဉ်းသားများကို မြေစာပင်အဖြစ် အသုံးချရန် စီစဉ်နေခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူ ရခိုင်အမျိုးသားတစ်ဦးက ပြောဆိုသည်။

“စစ်တပ်ဘက်က ဘယ်လောက်ပဲ အင်အားတိုးတိုး၊ စစ်ဖက်ရေးရာမှာ အသုံးပြုနေပါစေ၊ ၄၅ ရက်တာ သင်တန်းပေးထားတဲ့သူတွေက ဘယ်လိုမှ တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ အခုလည်း အကျဉ်းသားတွေကို စည်းရုံးနေတာက မြေစာပင်အဖြစ် အသုံးချဖို့လို့ပဲမြင်တယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်ထဲတွင် ဘူးသီးတောင်အကျဉ်းထောင်မှ ရွှေ့ပြောင်းထားသည့် အကျဉ်းသားများလည်း ပါဝင်သည်ဟု သိရသည်။ အကျဉ်းသားများသည်လည်း မိသားစုများနှင့် အဆက်အသွယ်မရ၍ ၎င်းတို့၏ ကျန်းမာရေး၊ ဆေးဝါးချို့တဲ့မှုများ ရှိနိုင်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စိုးရိမ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီက စစ်တွေမြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်ကျေးရွာများမှ လူငယ်၊ လူလတ်ပိုင်းအရွယ်များကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ ရခိုင်တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ မတရားဖမ်းဆီးမှုများ ရှိနေခဲ့သည်။

ဖမ်းဆီးခံရသူ ဒေသခံတချို့မှာ ပုဒ်မအမျိုးမျိုးဖြင့် အမိန့်ချခံရပြီး တချို့လူငယ်ပိုင်းအရွယ်များသည် စစ်ကြောရေးသို့ ခေါ်ဆောင်ခံရကာ အများစုမှာ အဆက်အသွယ်မရဘဲ ယနေ့ထိတိုင် ပျောက်ဆုံးနေကြောင်း သိရသည်။

စစ်တွေထောင်အပါအဝင် စစ်တွေမြို့မရဲစခန်းနှင့် ကျန်ရဲစခန်းများ၏ အချုပ်များထဲတွင်လည်း အချုပ်သား ထောင်နှင့်ချီရှိပြီး တချို့ကိုငွေကြေးယူ၍ ရဲကပြန်လွှတ်ပေးသလို တချို့မှာ လက်ရှိအချိန်ထိ အမှုဖွင့်ဆိုခြင်း မရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း ဖမ်းဆီးခံထားရသူမိသားစုဝင်တို့ထံမှ သိရသည်။

လက်ရှိ၌ စစ်တွေမြို့ပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းလည်း စစ်ကောင်စီဘက်က အထိနာနေပြီး အကျအဆုံးများနေကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။