စစ်တွေထောင်မှ အကျဉ်းသား ၃၅၁ ဦးကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ပို့ဆောင်

By MPM 14 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးကို စစ်ကောင်စီရေတပ် စစ်ရေယာဉ်များဖြင့် ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

ထောင်ပြောင်းရွှေ့ ပို့ဆောင်ခံရသည့် အဆိုပါအကျဉ်းသားများသည် အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်ထောင်သို့ ရောက်ရှိလာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က အောက်တိုဘာ (၁၂) ရက်တွင် ထုတ်ပြန်သည်။

စစ်ရေးနှင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရခြင်းကြောင့် စစ်ကောင်စီက စစ်တွေထောင်မှ အကျဉ်းသား ၆၀၀ ကျော်ကို အောက်တိုဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် စစ်တွေ BXT ဆိပ်ကမ်းမှတဆင့် သင်္ဘောဖြင့် ခေါ်သွားခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တို့ပြောဆိုမှုအရ သိရသည်။

စစ်တွေထောင်မှ ပြောင်းရွှေ့သွားသူ အကျဉ်းသားများထဲမှ တချို့ကို ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းဖြစ်ပြီး ကျန်တချို့ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်ဟု သိရသည်။

အကျဉ်းသားများသည် စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိနေတာကြောင့် ကူညီလိုသူများအနေဖြင့် PPNM ကတဆင့် ကူညီလှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ကပြောသည်။

“မိဘပြည်သူများအနေဖြင့် ကူညီထောက်ပံ့မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) မှ တဆင့် ငွေကြေးပျောက်ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးလို့ရပါကြောင်း အသိပေးအပ်ပါသည်” ဟု PPNM ထုတ်ပြန်ပြောဆိုသည်။

ထို့အပြင် “ငါတို့မှာငါတို့ပဲ ရှိတယ်ဆိုသည့် စကားလုံးသည် စကားလုံးအဖြစ် ရှိနေရုံမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ကြခြင်းဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ၊ LGBT+ များနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုလည်း ကူညီနိုင်ပါသည်” ဟုလည်း PPNM ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ချက်ထဲတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ၊ LGBT+ များနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုလည်း ကူညီရန်လိုအပ်နေသည်ဟုလည်း ထည့်သွင်းပြောဆိုထားသည်။

နိရဉ္စရာ ပေးပို့သည်။