စစ်တွေက မွတ်ဆလင်ဒုက္ခသည်များ အကူအညီမရသည်မှာ နှစ်လခန့်ကြာလာ၍ စားနပ်ရိက္ခာအခက်အခဲကြုံနေရ

By MPM 25 ဖေ‌ဖော်ဝါရီ, 2025 👁 4

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့သည့် စားနပ်ရိက္ခာမရသည်မှာ ၂ လခန့်ကြာမြင့်လာတာကြောင့် ဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်း၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများတွင် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွက် စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသေးလို့ အခက်အခဲကြုံတွေ့နေရသည်ဟု သဲချောင်းဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက ယခုလိုပြောသည်။

“အဲဒီ WFP ထောက်ပံ့တဲ့ စားနပ်ရိက္ခာကိုပဲ အားကိုးနေရတာ။ အခုလိုရပ်ထားတော့ စားဝတ်နေရေး အခက်အခဲရှိတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

မွတ်ဆလင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များသည် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော WFP, ICRC, Save the Children, MSF စသည့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့မှုမရရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရိက္ခာများပြတ်လပ်မှု ရှိလာနေသည်ဟု ဘောဒူဖဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုဆိုရင် အကုန်လုံးနီးပါးက ဆန်တွေပြတ်နေကြပြီ။ အရင်ကဆိုရင် သူများဆီက ချေးငှားပြီးတော့ စားလို့ ရသေးတယ်။ အခုက စခန်းတစ်ခုလုံးနီးပါး ပြတ်နေကြတာ။ မိသားစုတစ်စုမှာ ဆန် (၃) ဗူးစားတယ်ဆိုရင် အခု (၁) ဗူးကို ကျိုချက်ပြီးတော့ စားနေရတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အစောပိုင်းမှစ၍ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုများရှိလာပြီးနောက် ကူညီထောက်ပံ့မှုများ မရောက်ရှိတော့ခြင်းဟု ဒုက္ခသည်များက ပြောဆိုကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး WFP မှ တာဝန်ရှိသူများကို Email ဖြင့် ဆက်သွယ်ထားဆဲဖြစ်သည်။

တဖက်တွင်လည်း စစ်တွေမြို့နယ်တွင် စစ်ကောင်စီက စစ်သင်တန်းပေးထားသည့် မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန် မွတ်ဆလင်ဒုက္ခသည်စခန်းနှင့် ကျေးရွာများထံမှ လစဉ်ကြေး အတင်းတောင်းခံနေတာကြောင့် ဒုက္ခသည်များမှာ ပို၍ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့နယ်က မွတ်ဆလင်ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။