စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် ရွာသား ၁ ဦးကိုပစ်သတ်ပြီး နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီး

0
408

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ရွာသား ၁ ဦးကို ဖမ်းဆီးပစ်သတ်ခဲ့သည့်အပြင် ကျေးရွာရှိ နေအိမ် ၁၇ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး ရေဖြူမြို့ အနောက်ဖက်ကမ်းရှိ ကျေးရွာများ၊ နဘုလယ် ဒေသအတွင်းမှ ကျေးရွာများနှင့် ဘဝါကမ်းခြေရွာတဝိုက် နေရာများသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ရွာခံများထံမှ သိရသည်။

“ရုတ်တရက်ကြီး မထင်မှတ်တဲ့အချိန် ရွာထဲ စစ်တပ်ရောက်လာတာဆိုတော့ ဘာတစ်ခုမှ ယူချိန်မရလိုက်ဘူး၊ အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီး ပရိဘောဂပစ္စည်းတွေ၊ ဆိုင်ကယ်တွေနဲ့ အိမ်တဆောင်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရ တယ်” ဟု နေအိမ်မီးရှို့ခံလိုက်ရသည့် မူးဒူးရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ပြီး ရေဖြူမြို့ အနောက်ဘက်ခြမ်းသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုစစ်ကောင်စီစစ်ကြောင်းမှာ ကင်းကျေးရွာချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုသို့ ဦးသီးဝင်းဖမ်းဆီးခံခဲ့ရပြီး သုံးရက်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည့် ဦးသီးဝင်း၏ရုပ်အလောင်းကို ချောင်းထဲတွင် တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ​ပြောသည်။
မူးဒူးအရှေ့ရွာသို့ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်အစောပိုင်းတွင် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းက နေအိမ် ၁၇ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်ထွက်သွားသည်ဟု ရွာသားများက ပြောသည်။

ပုံစာ – စစ်ကောင်စီတပ် အိမ်နံရံများတွင် ရေးသွားသည့်စာများ။

စစ်ကောင်စီတပ် ပြန်ထွက်ခွာသွားပြီး နောက်တနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ ရွာသားတချို့က ၎င်းတို့၏ရွာထဲကို ပြန်ဝင်ကြည့်ချိန် အိမ်နံရံအတော်များများတွင် “အကြမ်းဖက်ထောက်ပံ့အားပေးများ ကြည့်ထား၊ နောက်တခါ တရွာလုံးကို ပြာကျမယ်” ဆိုသည့် ခြိမ်းခြောက်စာများ ရေးသားထားသည်ကိုလည်း တွေ့မြင်ရ သည်ဟု ရွာသားတစ်ဦးက ​ဆိုသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသည့် ၄ ရက်တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ၃ ကြိမ် ထက် မနည်း တိုက်ပွဲဖြစ်ပွားသံများ ကြားနေရသည်ဟု မူးဒူးရွာသားများက ပြောသည်။

မူးဒူး​ကျေးရွာ အပါအဝင် ရေဖြူမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း တစ်ဆယ်ကျော်မှ ရွာသားများမှာ ဘေးလွတ်ရာကို ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များ ကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူးဒူးကျေးရွာသည် အိမ်ထောင်စု ၅၀၀ နီးပါးခန့်ရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသလို လယ်ယာလုပ်ငန်းနှင့် ဥယျာဥ်ခြံလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတွင်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးနှင့် ဒေသစိုးမိုးရေး အတွက်ဟုဆိုကာ ရေဖြူမြို့နယ်​အနောက်ဘက်ရှိ ကျေးရွာ များနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဒေသအတွင်း ဩဂုတ်လမှစ၍ ယခု အောက်တိုဘာလအထိ မကြာခဏ စစ်ကြောင်းထိုးလျက်ရှိနေသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here