စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်ရာ နေပြည်တော်တွင် ဗုံးပေါက်ကွဲမှုများ ရက်ဆက်ဖြစ်ပွား

By MPM 4 မတ်, 2023 👁

စစ်ကောင်စီ၏ အဓိကနေရာဖြစ်သည့် နေပြည်တော်တွင် ဗုံးပေါက်ကွဲမှုများ ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“ရက်ဆက်ဗုံးတွေပေါက်နေတာ။ မနေ့က Mandalay Paradise နားမှာ၊ ဒီနေ့ ချိုင်းရွာလမ်းဆုံနားမှာ ဗုံးတွေပေါက်တယ်။ မန္တလေးပါရာဒိုင်းနားမှာတော့ ပါဆယ်ဝယ်ရင်း ထားသွားတာတဲ့၊ ချိုင်းရွာနားကတော့ ပစ်ဗုံးနဲ့လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

နေပြည်တော် အတွင် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကြပ်ထားပြီး ယခုလို ရက်ဆက်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသဖြင့် စိုးရိမ်မှုများ ရှိနေကြသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ (ဟောင်း) ဦးမြငြိမ်း နေအိမ်ကို လက်လုပ်ဗုံးဖြင့် ပေါက်ကွဲခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မတ်လ ၁ ရက်နေ့ ဇဗ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်အတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သေးကြောင်း သိရှိရသည်။

“ပေါက်ကွဲတာတွေ ဟုတ်ပါတယ်။ လူထိခိုက်မှု မရှိပါဘူး။ ဘာကဟာတွေက ဘယ်လိုတွေ ဖြန့်နေလဲတော့ မသိဘူး။ အခုလိုတွေ လုပ်တဲ့ တရားခံတွေကိုလည်း ဖမ်းမိဖို့ စုံစမ်း စစ်ဆေးနေပါတယ်” ဟု ရဲအသိုင်းအဝိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးမြငြိမ်း နေအိမ် ပေါက်ကွဲခံရမှုသည် ခြံဝင်းအပြင်သာဖြစ်၍ ထိခိုက်မှုမရှိကြောင်း၊ Mandalay Paradise စားသောက်ဆိုင်အတွင်းပေါက်ကွဲမှုသည်လည်း ဆိုင်အပြင် ခြံဝင်းအတွင်းရှိ ထိုင်ခုံအောက်မှ ပေါက်ကွဲခဲ့၍ ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းက အတည်ပြုပြောဆိုသည်။

ယမန်နေ့ မတ် ၂ ရက်နေ့ကလည်း တဲကြီးကုန်းကျေးရွာနှင့် ချိုင်းရွာကြားရှိ လမ်း ၄ ဆုံရှိ စစ်ဆေးရေးဂိတ်အတွင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုသည်လည်း မှန်ကန်ကြောင်းကိုလည်း အတည်ပြု ပြောဆိုသည်။

“အဲ့ဖြစ်စဉ်လဲ ဘာမှ ထိခိုက်မှုမရှိခဲ့ပါဘူး။ ည ၆ နာရီအကျော်လောက် ဖြစ်တာပါ” ဟု ၎င်းကပြောသည်။

နေပြည်တော်၏ လုံခြုံရေးဂိတ်များကို မိုင် ၂၀၀ တိုးဂိတ်၊ ဒက္ခိဏသီရိ လမ်းဆုံမီးပွိုင့်၊ ကံ့ကော်ပန်းအဝိုင်း၊ ချိုင်းရွာအနီးရှိ လမ်းဆုံ၊ ရွှေနန်းတော် ဟိုတယ်အနီး၊ ကျောက်မျက်ရှေ့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၊ ပရဆေးဥယျာဉ်အနီး၊ ရွှေနံ့သာလမ်းဆုံနှင့် အခြားနေရာ အများပြားတွင် မြင်တွေ့ရသည်။

ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ မဖြစ်ပေါ်ခင်များအချိန်၌ပင် ရှောင်တစ်ခင်စစ်ဆေးမှုများ၊ ရဲကား စစ်ကားများဖြင့် ရပ်ကွက်များအတွင်း ပတ်လှည့်မှုများ၊ လူနာတင်ယာဉ်များဖြင့် အယောင်ဆောင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

ဌေးဌေးအောင် (နိရဉ္စရာ) – ပေးပို့သည်။