ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းပစ် ခတ်မှုတို့ကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိသူ ဦးရေလည်း နေ့စဉ်တိုးလာနေသည်။
ကောက်ယူထားသော စာရင်းများအရ ရခိုင်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ၁ လ ကျော်အတွင်း ရခိုင်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သေဆုံးသူ ၂၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၁ ဦးအထိ ရှိလာနေသည်။
ဒဏ်ရာရရှိသူများထဲတွင် ကျောက်တော်မြို့နယ်မှ ၅ ဦး၊ စစ်တွေမြို့နယ်မှ ၁၀ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၉ ဦး၊ ပေါက်တောမြို့နယ်မှ ၁ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၈ ဦး၊ မင်းပြားမြို့နယ်မှ ၄၀ ဦး၊ မြေပုံမြို့နယ်မှ ၁၁ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၆ ဦး၊ မောင်တောမြို့နယ်မှ ၇ ဦး၊ ရသေ့တောင်မြို့နယ်မှ ၅ ဦး၊ အမ်းမြို့နယ်မှ ၉ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၃ ဦး အပြင် ပလက်ဝမြို့နယ်မှ ၁၇ ဦးတို့ ဖြစ်သည်။
သေဆုံးသူများထဲတွင် ကျောက်တော်မြို့နယ်မှ ၂ ဦး၊ စစ်တွေမြို့နယ်မှ ၁ ဦး၊ ပလက်ဝမြို့နယ်မှ ၄ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၃ ဦး၊ မင်းပြားမြို့နယ်မှ ၇ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၄ ဦး၊ မောင်တောမြို့နယ် မှ ၂ ဦး၊ ပေါက်တောမြို့နယ်မှ ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး အပြင် အမ်းမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။ (နှစ်ဖက်စစ်ရေးပြင်းထန်နေသော ပေါက်တောမြို့ပေါ်တွင် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၂၀ ဦး ထက်မနည်း ရှိနေပြီး စာအရင်းအတိအကျကို မသိရှိနိုင်သဖြင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ )
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ စစ်ကောင်စီကတော့ ခုလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတယ်။ ပြည်သူတွေ ဒုက္ခရောက်ရင် ULA/AA ကြောင့်လို့ ဝါဒဖြန့်မယ်။ ULA/AA ကြောင့် ခုလိုတွေ ဖြစ်နေရတာလို့ ပြချင်တဲ့သ ဘောလေ” ဟု ပြောသည်။
စစ်ရေးအရ အထိနာနေသော စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အရပ်သားများကို ဖမ်းဆီးမှု၊ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ နေအိမ်များကို မီးရှို့ဖျက်စီးကာ ပြည်သူများအပေါ် ပစ်မှတ်ထား ဦးတည် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက် ရှိနေသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ လုံခြုံမှုကင်းမဲ့ကာ အသက်ရှင်သန်နေထိုင်ခွင့်၊ လွတ်လပ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများကိုပင် ဆုံးရှုံးနေကြရသည်။
“နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ကြားမှာ ပြည်သူတွေကို ပစ်မှတ်မထားစေချင်ဘူး။ အခုက ဒေသတွင်းသွားလာမှုတွေ ကိုလည်း ပိတ်ဆို့ထားတယ်၊ ပြီးတော့ ပြည်သူတွေကိုလည်း တိုက်ခိုက်နေတယ်။ ကျနော်တို့မှာ လုံခြုံမယ့် နေရာတောင် မရှိတော့ဘူးဖြစ်နေပြီ” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေး အဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်း မပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့် ပေးသင့်ကြောင်း ပြဌာန်းထားသည်။
စစ်ကောင်စီက ဥပဒေကို လိုက်နာခြင်းမရှိဘဲ ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ကာ စစ်ရာဇတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။
“အခုစစ်ကောင်စီ ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်နေတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေ မဟုတ်ဘူး။ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်နေတာ ဖြစ်တယ်။ စစ်ကောင်စီက ဒီနေရာမှာ ပြည်သူတွေ ရှိတယ်ဆိုတာ သိသိရင်းနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို တမင်တကာ လုပ်နေတယ်” ဟု ရသေ့တောင်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ တိုက်ပွဲ ဖြစ်ပွားနေခြင်းမှာ ၁ လ ကျော်အထိ ကြာမြင့်လာပြီဖြစ်ကာ လက်ရှိတွင် ရခိုင်ပြည်တောင်ပိုင်းအထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။