စစ်ကောင်စီမှ ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိအပါအဝင် တပ်သား ၁၅ ဦး CDF – Daai ဖမ်းဆီးထား

By MPM 1 ဖေ‌ဖော်ဝါရီ, 2024 👁

ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ ဒိုင်ရ်ဒေသအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အစုအပြုံလိုက်ဖမ်းဆီးရမိထားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးလာကြတာပေါ့။ ထွက်ပြေးလာတဲ့ပုံစံကို ကြည့်ရတာ တနေရာမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပြီးတော့မှ အဲဒီကနေ ကိုယ်လွတ်ရုန်းလာတဲ့ သဘောလို့ယူဆတယ်။ တချို့က စခန်းစွန့်ခွာပြီး ပြေးလာတာဖြစ်နိုင်တယ်။ ကျနော်တို့ဆီကို ခြေဦးတည့်ရာပြေးလာတော့ ကျနော်တို့က နယ်မြေ ရှင်းလင်းရေးလုပ်ရင်းနဲ့ ဖမ်းမိတာဖြစ်ပါတယ်” ဟု CDF – Daai တာဝန်ရှိသူက ပြောဆိုသည်။

၎င်းတို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့က CDF- Daai ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းတို့အထဲမှ စစ်ကောင်စီတပ်သား ၃ ဦးမှာ ဒဏ်ရာများပြင်းထန်ပြီး တပ်သား ၂ ဦးမှာ သာမန်ဒဏ်ရာများ ရရှိထားသောကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်းနှင့် ၎င်းတို့ကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ ဂျီနီဗာကွန်ဗန်ရှင်းနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်း CDF- Daai တာဝန်ရှိသူက ဆက်ပြောသည်။

ဖမ်းဆီးရမိသူများမှာ သုံးပွင့်ဗိုလ်ကြီး ၁ ဦး၊ နှစ်ပွင့်ဗိုလ် ၁ ဦးနှင့် ထောက်လှန်းရေးအရာရှိ (IO) ၁ ဦး အပါအဝင် တပ်ကြပ်ရဲဘော် ၁၅ ဦး တို့ဖြစ်ပြီး ၎င်းတို့သည် တပ်မ – ၁၁ လက်အောက်ခံ ခမရ – ၂၁၇၊ ခမရ – ၃၇၆၊ ခမရ – ၅၃၈၊ ခမရ – ၂၂၀၊ ခမရ – ၂၁၉၊ ခမရ – ၃၈၊ ခမရ – ၅၈၇ နှင့် ခမရ – ၉၁၈ တို့မှ ဖြစ်ကြောင်း CDF- Daai မှ သိရသည်။

CDF -Daai တာဝန်ရှိသူက “နယ်မြေရှင်းလင်းရေး လုပ်တာလည်း ပါတယ်။ အခုလိုမျိုး စစ်ပြေးတွေ ထွက်ပြေး တိမ်းရှောင်နေတဲ့စစ်သားတွေ ဒီမှာအများကြီးရှိတယ်လို့ ကျနော်တို့ယူဆတယ်။ မြစ်ကြောင်းတလျှောက်မှာ မနေ့ကရော၊ ဒီနေ့ရော ဗုံးကြဲနေတယ်လို့ သိရတယ်။ ဒီလို ခဏခဏ မြစ်ကြောင်းကို ဦးတည်ပြီးတော့ ဗုံးကြဲတာတွေ လုပ်လို့ ပြည်သူတွေကို ခရီးသွားလာခွင့်ပိတ်ထားတာပါ” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ၄ ရက်နေ့အထိ ဒိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သောကြောင့် ရေးကြောင်းသွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ပြည်သူများအနေဖြင့် လုံးဝ မပြုလုပ်ကြရန် ၎င်းက အသိပေးပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းက ဒိုင်ရ်ဒေသက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၇ ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း CDF – Daai ထံမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်မှ တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားများသည် CDF – Daai ထိန်းချုပ်နယ်မြေထဲ အများအပြား ထွက်ပြေးလာကြကြောင်း သိရသည်။

ပြည်သူလူထုနှင့် မပူးပေါင်းရဲသေးသည့် စစ်ကောင်စီတပ်သားများအနေဖြင့် CDF – Daai တွင် အလင်းဝင်ရောက်နိုင်ရန် အမြဲတံခါးဖွင့်ထားကြောင်း၊ ပြည်သူများအနေဖြင့်လည်း CDF – Daai ၏ ထုတ်ပြန်အသိပေးချက်များကို လေးစား လိုက်နာဖို့ လိုအပ်ကြောင်း CDF- Daai တာဝန်ရှိသူက ပြောပါသည်။

KMG ပေးပို့သည်။