စစ်ကောင်စီပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ကျောက်ဖြူဒေသခံ ဆေးကုသခွင့်မရဘဲ ဖမ်းဆီးချုပ်နှောင်ထားခံရ

By MPM 18 ဖေ‌ဖော်ဝါရီ, 2025 👁 6

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးသည် ဆေးရုံတွင်ဆေးကုသခွင့်မရဘဲ အမှတ် ၃၄ တပ်ရင်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ ဦးသန်းမြင့်သည် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခန္ဓာကိုယ်နောက်ကျောနှင့် ညာဘက်ပေါင်အပြင် ဦးခေါင်းတွင်လည်း ပြင်းထန်ဒဏ်ရာများ ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ (စစ်ကောင်စီ) ပစ်ခတ်ဖမ်းဆီးသွားတဲ့နောက် ကျောက်ဖြူဆေးရုံကြီးမှာ ဆေးကုသခွင့် ၁ ရက်ပဲရခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာ ဆေးရုံကနေထုတ်ပြီး ၃၄ စစ်တပ်ရင်းကို အတင်းပြန်ခေါ်သွားတယ်။ မိသားစုတွေနဲ့ လည်း အဆက်အသွယ်မရလိုက်ဘူး” ဟု အမည်မဖော်လိုသည့် စိုင်ခြုံကျေးရွာသားတစ်ဦးက ပြောပြသည်။

ဦးသန်းမြင့်အပါအဝင် စိုင်ခြုံကျေးရွာသား ဦးအောင်သန်းနှင့် ဒေါ် ခင်မြကြူတို့သည် ဖေဖော်ဝါရီ ၉ ရက်နေ့က ရှောက်ချောင်းကျေးရွာအနီးသို့ သွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်နေရာကနေ ပစ်ခတ်မှုကိုခံခဲ့ရပြီး ဦးအောင်သန်းမှာ ယင်းနေရာတွင် ကျဉ်ဒဏ်ရာ ၄ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့နောက် ဦးအောင်သန်း ရုပ်အလောင်းကို စစ်ကောင်စီတပ်က ဘေးတွဲဆိုင်ကယ်ဖြင့်သယ်ယူ၍ ဦးသန်းမြင့်နှင့် ဒေါ်ခင်မြကြူတို့နှစ်ဦးကိုလည်း ဓညဝတီရေတပ်ဌာနချုပ်သို့ ခေါ်သွားပြီး ယင်းမှတဆင့် ကျောက်ဖြူဆေးရုံသို့ လွှဲပြောင်းခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဒေါ်ခင်မြကြူမှာလည်း ကျောကုန်းတွင် ကျည်ထိဒဏ်ရာပြင်းထန်သဖြင့် ကျောက်ဖြူဆေးရုံမှ ရန်ကုန်သို့ သွားရောက်ကုသရန် မိသားစုဝင်များက စီစဉ်နေကြောင်း သိရသည်။

“သူ့ရဲ့ဒဏ်ရာက ကျောက်ဖြူမှာ ကုသဖို့အဆင်မပြေလို့ ရန်ကုန်မှာကုရမယ်ဆိုပြီး ဆရာဝန်ကြီးက ပြောတယ်။ အခုဆိုရင် အောက်ပိုင်းအကြောတွေပါ လှုပ်မရတော့ဘူး။ ဒါကြောင့် အမြန်ကုသမှရမယ်။ ဒီရက်ပိုင်းမှာ ရန်ကုန်ကိုသွားဖို့ လေယာဉ်လက်မှတ် စီစဉ်ထားတယ်” ဟု ဒေါ်ခင်မြကြူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ပြိုင်းစေ့ကေကျေးရွာမှ စိတ်ရောဂါသည် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် လက်ရှိ ကျောက်ဖြူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲဝင်များက ထိုသို့ ပစ်ခတ်၊ ဖမ်းဆီးနေသောကြောင့် ပြိုင်းစေ့ကေ၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ ကပ်သပြေ၊ မင်းတပ်တောင်နှင့် ကန္ဒီးကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။

လက်ရှိ ကျောက်ဖြူတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ကျော်အပါအဝင် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းတို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်ကလည်း စစ်ကောင်စီ၏ ဓညဝတီ ရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲတပ်ရင်းအနီးကို ချည်းကပ်ပိတ်ဆို့ထားကာ နှစ်ဘက်စစ်ရေး တင်းမာနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။