စစ်ကောင်စီနှင့် ဆွေး‌နွေးနေသည့် ERO များအား တော်လှန်ရေးတွင် ပါဝင်ရန် စည်းရုံးသင့်ဟုဆို

By MPM 6 မတ်, 2023 👁

လက်ရှိတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေး‌နွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (ERO) များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပါဝင်လာရန် စည်းရုံးသည့်ကြောင်း မြန်မာ့နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို NUG ထံ မပါဝင်ရန် စည်းရုံးနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒါက‌တော့ တောက်လျှောက်လုပ်လာခဲ့တာ၊ ဒီနေ့ကာလဆိုရင် ပိုပြီးတော့ သိသာထင်ရှားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ စစ်ရေးပဋိပက္ခ အလွန်ပြင်းထန်လာတဲ့အခါမှာ တချို့ အားနည်းတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ NCA သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အင်အားစု တစ်ချို့နဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲ လှုပ်ရှားမှုတွေ လုပ်နေတယ်၊ ဒါဟာအဓိက အားဖြင့်တော့ ဒီအင်အားစုတွေကို NUG ဘက်ကို မသွားနိုင်ဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ လှုပ်ရှားမှုသာဖြစ်ပြီး‌တော့ ဒီလှုပ်ရှားမှုတွေဟာ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက်တော့ အကျိုးမရှိတဲ့ အကြောင်းအချက်သာဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေကို NUG ဘက်က ဆွဲဆောင်စည်းရုံးတာ စတဲ့ လုပ်ငန်းတွေကို လုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးထားသည်။

အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့လည်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးထားကြသည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများမှာ စစ်ကောင်စီကြောင့် ဖြစ်ပေါ်ရသည့် ပြဿနာများဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“ဒါက‌တော့ သူတို့ လုပ်မှာပဲလေ၊ ဗမာပြည်ရဲ့ ပြဿနာအားလုံးက စစ်ကောင်စီ၊ စစ်အုပ်စုကြောင့်ဖြစ်တာ၊ ကျမတို့ အချင်းချင်း ကွဲပြဲနေတာလည်း ဒါပဲ၊ ဒါကြောင့် ဟိုနေ့က တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်ပြောတာ ကျမသိပ်သဘောကျတာ အဓိက ဒီစစ်ကောင်စီ၊ စစ်အုပ်စု ပြုတ်ကျသွားဖို့ပဲ၊ သူပြုတ်ကျသွားရင် ကျ‌နော်တို့ ညီကိုမောင်နှမချင်းချင်း ဖြစ်နေတဲ့ကိစ္စ ကျနော်တို့ဟာ ကျနော်တို့ ရှင်းနိုင်တယ်ဆိုတာ အမှန်ပဲ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

IMNA – ပေးပို့သည်။