တောင်ငူ- လိပ်သို- လွိုင်ကော် လမ်းမပေါ်တွင် စစ်ကောင်စီတပ်ရိက္ခာများ တင်ဆောင်လာသော ရိက္ခာတင်ယာဥ် ၁၇ စီးကို ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ် ၂ စီး ထိခိုက်ပျက်ဆီးခဲ့ကြောင်း သံတောင် တော်လှန်ရေးအင်အားစုထံမှ သိရသည်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “လိပ်သို-လွိုင်ကော်လမ်းမအတိုင်း တက်လာတဲ့ စစ်ကား ၁၇ စီးကို သံမိုးတောင်အထက် ကော်ဗတ်ခြံ၊ ဇလဲရွာအကွေ့နားမှာ ပျောက်ကြားတပ်ဖွဲ့က မိုင်းဆွဲတာ ကား ၂ စီးပျက်စီး သွားပါတယ်။ ရန်သူထိခိုက်မှုကတော့ အတိအကျ မသိရသေးပါဘူး။ လမ်းတွေလည်း ပိတ်ထားတော့ ရိက္ခာကား ၂ စီး ထိတာတော့ သေချာပါတယ်” ဟု ပြောသည်။
လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ရင်းသို့ ရိက္ခာဖြည့်တင်းရန်လာသည့် အဆိုပါယာဥ်တန်းကို သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကော်ဗတ်ခြံရွာနှင့် ဇလဲရွာအနီးတွင် မတ်လ ၅ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကား ၂ စီး ပျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါယာဥ်တန်းနှင့်အတူ ဂေဘားတပ်မတော် သင်တန်းဆင်းလာသူတချို့ လိုက်ပါလာသည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမှု ၎င်းတို့အနေဖြင့် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
“ကားတွေပေါ်မှာ ဂေဘားတပ်မတော်က သင်တန်းဆင်းလာတဲ့သူတွေ ပါတယ်လို့ ကြားတယ်။ သတင်းက သေချာသလောက်တော့ ရှိပါတယ်။ မြေပြင်ကို ထောက်လှမ်းနေတာတော့ သင်တန်းဆင်းလာတာလို့ သတင်း ရတယ်ဗျ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် အနီးရှိ စစ်တပ်စခန်းများမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကောဗတ်ခြံရွာနှင့် သံမိုးတောင်ကျေးရွာအနီးရှိ တောင်ယာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လိပ်သိုဒေသနေ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“စစ်တပ်ဘက်က ဟိုဘက်ရွာဒီဘက်ရွာ လေးငါးဆယ်ချက် လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်သွားတယ်။ ကောဗတ်ခြံဘက်ရော သံမိုးတောင်နားနီးတဲ့ ရွာဘက်က ခြံတွေထဲကျတယ်။ လူတွေတော့ ဘာမှအထိအခိုက် မရှိဘူး။ လိပ်သို (၆၀၃) တပ်ရင်းကို ရိက္ခာသွားဖြည့်တဲ့ကားတွေပါ။ နောက်တစ်ရက်ကျတော့ ပြန်ဆင်းသွားတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ဆိုသည်။
ယာဥ်တန်းတိုက်ခိုက်ခံရစဥ် အဆိုပါယာဥ်များပေါ်တွင် ဂေဘားတပ်မတော်ဖွဲ့ရန် စစ်ကောင်စီက စစ်သင်တန်းပေးထားသူများ အတူလိုက်ပါလာခြင်း ရှိ/မရှိကို သီးခြားအတည်ပြုနေဆဲ ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်းရှိ လိပ်သိုဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို တိုက်ခိုက်သည့်တိုက်ပွဲ ဖြစ်ပွားပြီးနောက် တကျော့ပြန် နယ်မြေ မငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
KIC ပေးပို့သည်။