စစ်ကောင်စီတပ်က ရခိုင်ဒေသခံများကို ဖမ်းဆီးပြီး ငွေညှစ်မှုများရှိနေ

0
217

စစ်ကောင်စီတပ်သည် ရခိုင်က ဒေသခံအရပ်သားများကို AA တံဆိပ်ကပ်ပြီး ဖမ်းဆီးငွေညှစ် တောင်းခံမှုများ ရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောဆိုသည်။

စစ်တွေမြို့မှ ဖမ်းဆီးခံရသူတစ်ဦးက “အဖမ်းခံရသူတွေချင်း အတူတူတောင် တချို့ကို ၁ သိန်း တောင်းတယ်။ တချို့ကို ၃ သိန်း တောင်းတယ်။ ပြီးရင် ပြန်လွှတ်လိုက်တယ်။ ကျွန်တော်လည်း တစ်သိန်းပေးခဲ့ရတယ်။ နှိပ်စက် ခံရမယ်။ ထောင်ကျမယ်ဆိုတော့ မတတ်နိုင်ပေမယ့် ပေးခဲ့ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားရာ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော စသည်မြို့များတွင် စစ်ကောင်စီတပ်သည် ငွေညစ်တောင်းပါက ရနိုင်မည့်သူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ ထိုသို့ ဖမ်းဆီးငွေညစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သူများထံမှ သိရသည်။

အဖမ်းခံရသူများ၏မိသားစုဝင်တစ်ဦးက “ ရဲသားတွေက ငွေပေးရင် လွှတ်ပေးနိုင်တာ ပြောတာမျိုး ရှိတယ်။ ပိုက်ဆံမရှိရင် မပေးနိုင်ဘူး။ ဒါပေမယ့် ကိုယ့်သားသမီး၊ သားလင်တွေကို အပြစ်မရှိဘဲ ထောင်ချမယ် ဆိုတာတော့ အဖြစ်မခံနိုင်ပါဘူး။ တောင်းတဲ့ ငွေပေးရတာပဲ” ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် မည်သူမဆို အဖမ်းခံရနိုင်ပြီး ဥပဒေသည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံရဲတပ်ဖွဲ့များ၏ ပါးစပ်ဖျားပေါ်တွင် ဖြစ်နေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောဆိုသည်။

“အခု ရခိုင်မှာ ဘယ်လိုဖြစ်နေလည်းဆိုတော့ သူတို့မသင်္ကာရင် လူတိုင်း အဖမ်းခံရနိုင်တယ်။ သာမာန်လူကိုထား အစိုးရဝန်ထမ်းတွေလည်း အဖမ်းခံရတာတွေ ရှိတယ်။ ဖမ်းရင် AA ဆိုပြီး တံဆိပ်ကပ်တယ်။ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမပေးနိုင်ရင် နှိပ်စက်မယ်။ AA ဆိုပြီး တရားစွဲမယ်။ ဒါမျိုးတွေ လုပ်နေတာ” ဟု ၎င်းက ပြောပါသည်။

ထို့အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်မှု တစုံတရာ ဆက်စပ်မှုမရှိသည့် သာမာန် အရပ်သားများလည်း စစ်ကောင်စီက ဖမ်းဆီးမည်ကို ကြောက်နေကြရသည်ဟု ပြောကြသည်။

စစ်ကောင်စီတပ်သည် လမ်းသွားလမ်းလာများကိုလည်း မထင်မှတ်သလို လိုက်ဖမ်းပြီး ရဲစခန်းများတွင် ထိန်းသိမ်းထားကာ ငွေပေးလျှင် ပြန်လွှတ်မည်ဟု ပြောဆိုမှုများ ရှိနေပြီး မပေးနိုင်သူများကို ရိုက်နှက်ပြီး အပြင်ရောက်လျှင် မည်သူ့ကိုမျှ မပြောရန် ခြိမ်းခြောက်ထားကြောင်းလည်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောသည်။

ရခိုင်တွင် အရပ်သား ၁၀၀ ကျော်ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တချို့ကို ငွေကြေးတောင်းကာ ပြန်လွှတ်ပေးမှုများ ရှိသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ကျောက်ဖြူမှာဆိုလည်း အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းထားတာ မနည်းဘူး။ သူတို့ကိုပိုက်ဆံတောင်း ပြန်လွှတ်တယ်။ ဒါက စစ်ကောင်စီတပ်က လက်နက်ပြပြီး မတရား စီးပွားရေးရှာတာနဲ့ တူနေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ၊ စီးပွားရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အရပ်ဖက် အဖွဲ့စည်းများ သာမက ရခိုင်တေးသံရှင်များနှင့် ရဟန်းသံဃာတော်များကိုပါ ဖမ်းဆီးလာပြီး ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၆ ရက်ကလည်း အမ်းမြို့၊ စျေးတောင်ရပ်ကွက်နေ Nilar Aung facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ) မီးငယ်အား နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း ဝါဒဖြန့်မှုများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ Mi Mi Khaing facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရခိုင်ပြည် သံတွဲမြို့ အမှတ် (၁) ရပ်ကွက်နေ မိမိခိုင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အလားတူ စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကိုလည်း ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု မြို့ခံများထံမှ သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here