ကချင်ပြည်နယ်တွင် အသုံးပြုရန်လိုအပ်နေသည့် စက်သုံးဆီများကို စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့နယ်များကနေ ဆိုင်ကယ်နှင့်သယ်ယူပြီး တပြည်နယ်လုံးကို ဖြန့်ဖြူးရောင်းချနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်နှင့် အင်းတော်မြို့နယ်စပ် ကျေးရွာများကနေ နန့်စီးအောင်ကျေးရွာ၊ မိုးညှင်းမြို့နယ်အထိ စက်သုံးဆီများကို ဆိုင်ကယ်နှင့်သယ်ယူပြီး ကချင်ပြည်နယ်တစ်ခုလုံးကို ဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
မိုးညှင်းဒေသခံတစ်ဦးက “၂၄ နာရီဟာ နားမှမနားပါဘူးဆို။ အမြန်လမ်းမှာ ကားစီးရင်တောင် ဆိုင်ကယ် အဲ့လောက်မများဘူး။ ခဏလေး နားလိုက်ရင်ကို ဆိုင်ကယ်က ရာချီသွားပြီ။ ပထမက မိုးညှင်း၊ မိုးညှင်းပြီးရင် နမ္မား၊ ဟိုပင်၊ မိုးကောင်း၊ နမ္မတီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ အင်းတော်ကနေ သယ်တာ။ အောက်အင်းတော်ကနေ သယ်တာ” ဟု ပြောသည်။
ကချင်ပြည်နယ်အတွက် လိုအပ်သည့် စက်သုံးဆီများကို ကန်ပိုင်တည်နယ်စပ်ကနေတဆင့် သယ်ယူရန် စစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လက လုပ်ဆောင်ခဲ့ပေမယ့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်နှစ်ခုအတွက်သာ အကျုံးဝင်ခဲ့သည်ဟု ဆိုသည်။
တခြားမြို့နယ်များက စက်သုံးဆီရရှိရန်အတွက် ကချင် – စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်အတွင်းကနေ ဆိုင်ကယ်ဖြင့်သယ်ယူပြီး ကူးသန်းသွားလာရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဖြန့်ဖြူးရောင်းချကြသည်ဟု သိရသည်။
စက်သုံးဆီ ဝင်ရောက်နိုင်ခြင်းမရှိတော့ ကချင်ပြည်နယ်အတွင်းသို့ မိုးညှင်းမြို့ကနေ ဆိုင်ကယ်နှင့် ဖြန့်ဖြူးရောင်းချပေးနေရသည့် စက်သုံးဆီများကိုသာ အားထားနေရခြင်းကြောင့် စက်သုံးဆီစျေးနှုန်းလည်း မြင့်တက်လာနေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကလေး၊ မော်လိုက်၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ ဖောင်းပြင်၊ မြင်းမူ၊ ပုလဲ၊ ဝက်လက်၊ ဆားလင်းကြီး၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ဒီပဲယင်း၊ ကောလင်း မြို့တို့ကိုလည်း စစ်ကောင်စီက စက်သုံးဆီတင်သွင့်ခွင့် ပိတ်ပင်ခဲ့သည်။
“အခုဆီကတော့ အဝင်မရှိဘူး။ ပန့်ဆီ (92 / 95 ၊ ပရီမီယံဒီဇယ်) မရှိဘူး၊ အခုက ဝါကျည်လောက်ပဲရှိတာ။ ငုတ်တုတ်ပါ့ ဘာမှမလုပ်ရဘူး” ဟု ဗန်းမောက်မြို့နယ်ရှိ ဆီကုန်သည်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများထံ စက်သုံးဆီမရောက်ရှိရေးအတွက် နိုဝင်ဘာ ၁၇ ရက်နေ့မှစပြီး ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်က မြိုန့ယ်အများစုကို စက်သုံးဆီဖြတ်တောက်မှု ပြုလုပ်ထားကြောင်း ကြေညာခဲ့သည်။
ရှမ်းနီအသံ ပေးပို့သည်။