စစ်ကိုင်းတိုင်းအတွင်း အခွန်ငွေတိုးကောက်ခံသွားရန် တိုင်းစစ်ကောင်စီပြင်ဆင်နေ

0
167
Photo - CJ

စစ်ကိုင်းတိုင်းအတွင်း ရသင့်ရထိုက်သည့် အခွန်အခများကို လာမည့် ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အပြည့်အဝ ကောက်ခံရရှိနိုင်ရန် စစ်ကိုင်းတိုင်း စစ်ကောင်စီက လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

အခွန်တိမ်းရှောင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ဆောင်မှု ရယူထားသူများအနေဖြင့် အခွန်အခ ကင်းလွတ်ခွင့် မရရှိဘဲ ကောက်ခံသွားရန် ဒီဇင်ဘာလအစောပိုင်းက စစ်ကောင်စီဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်က အခွန်ငွေရရှိမှသာ သုံးစွဲငွေ သုံးစွဲနိုင်မည် ဖြစ်တာကြောင့် အခွန်ငွေများ တိုးတက်ကောက်ခံရရှိရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန် ပြောဆိုခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုသည် စစ်ကောင်စီထိန်းချုပ်မှု လျော့နည်းလာသလို စီးပွားရေးကျဆင်းမှုကြောင့် စစ်ကိုင်းတိုင်းတွင် အခွန်ခကောက်ခံနိုင်သည့်ပမာဏ ဆက်တိုက်လျှော့ကျနေခြင်းလည်း ဖြစ်သည်။

စစ်ကိုင်းဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “စစ်ကိုင်းတိုင်းက စစ်တပ်က ဘယ်နားအခွန်သွားကောက်မလဲ။ မြို့ပေါ်မှာလောက်လေးပဲ ရှိနေတာသူတို့က လမ်းမှာစောင့်တဲ့ ဂိတ်တွေကတော့ တောင်းတာပဲ။ အဲ့ဒါ အခွန် ဟုတ်မဟုတ်တော့ မသိဘူး။ စျေးကတော့ တော်တော်ကြီးကို မြင့်နေတယ်။ ဒီဘက်မှာဆို လမ်းခရီးစရိတ်က မြင့်လို့ပါ့ ၊ မြင့်လို့ပါ့” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခွန်မဆောင်သည့် လှုပ်ရှားမှုတို့ကြောင့် ၂၀၂၃ အစောပိုင်းနှစ်များတွင် စစ်ကောင်စီအနေနှင့် အခွန်ရရှိငွေ ကျဆင်းခဲ့ပေမယ့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်ကစပြီး အခွန်ရငွေတွေ ပြန်လည်တိုးမြင့်ရရှိလာသည်ဟု ဆိုသည်။

စစ်ကောင်စီကောက်ခံရရှိသော အခွန်ငွေများထဲတွင် ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်တို့မှာ ရရှိငွေ အများဆုံးဖြစ်နေကြောင်းလည်း သတင်းမှတ်တမ်းများအရ လေ့လာသိရှိရသည်။

၂၀၂၄ – ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတော်ရရှိမည့် ဝင်ငွေအားလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိနေပြီး ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်း ရှိနေသည်ဟုလည်း ရသုံးမှန်းချေငွေစာရင်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီဂိတ်များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဂိတ်များနှင့် တော်လှန်ရေးအင်အားစုများတွင် ကုန်သွယ်ခွန်၊ ဖြတ်သန်းသွားလာခွန်၊ ယာဉ်ခွန် စသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here