စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက ငွေကြေးကောက်ခံမှု အဆမတန်မြင့်တက်တောင်းယူနေ

By MPM 30 စက်တင်ဘာ, 2024 👁 4

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းတလျှောက်၌ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ဖွင့်လှစ်ထားသောဂိတ်များက ငွေကြေးကောက်ခံမှု အဆမတန် မြင့်တက်တောင်းယူလာနေသည်ဟု ယာဉ်မောင်းများနှင့် ခရီးသွားလာသူများဆီက စုံစမ်းသိရှိရသည်။

ဗျူဟာလမ်းပိုင်းအစဖြစ်သည့် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်တွင် ကားအသေးများသည် တစ်စီးလျှင် ကျပ်ခြောက်သောင်းအထိ ပေးဆောင်နေကြရခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

“ဒီစစ်ကိုင်းတံတားတင် ငါးသောင်း၊ ခြောက်သောင်းလောက် အသာလေးကုန်တာ။ ကားလေး (ကားအသေး) အံစာတုံးကားနော်။ ကားကြီးကတော့ မပြောနဲ့တော့ ကိုးပင်ရွှေဘိုဂိတ် ကျန်တာတွေ သိပ်မရှိတော့ဘူး ကျန်တာ တွေက နှစ်ထောင်လောက်လေးတွေ ဂိတ်ကြီးပေးရတာ စစ်ကိုင်းတံတားရယ် ကိုးပင်ရယ်ပဲပေးရတာ အသွားအပြန် သုံးသိန်းလောက်ကုန်တယ်” ဟု မန္တလေး – မြစ်ကြီးနား မော်ယာဉ်မောင်းတစ်ဦးက ပြောသည်။

မန္တလေးမှ ကချင်ပြည်နယ်အထိ ဗျူဟာလမ်းပိုင်းတစ်ခုတည်းကိုသာ လက်ရှိတွင် အသုံးပြုနိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ဂိတ်စခန်းများတွင် ငွေကြေးအများဆုံး ပေးဆောင်နေရခြင်းဖြစ်ကြောင်း မော်တော်ယာဉ်မောင်းများက ပြောဆိုသည်။

ဗျူဟာလမ်းပိုင်းပေါ်က မြို့အသီးသီးတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများ၏ ဂိတ်များတွင်လည်း ကားအသေးများသည် ကျပ်ငါးထောင်မှ လေးသောင်းကျပ်အထိ ပေးဆောင်နေကြရကြောင်း ယာဉ်မောင်းများက ဆက်ပြောသည်။

မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းသည်လည်း စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းတချို့ ပိတ်ထားရပြီး ဖြတ်သန်းသွားရသည့် ကွင်းလမ်းမှ တော်လှန်ရေးအင်အားစုများကို ငွေကြေးပေးဆောင်ကာ မောင်းနေကြရသည် မော်ယာဉ်မောင်းများက ပြောသည်။

ထိုသို့ လမ်းပိုင်းတွင် မကြာခဏ လမ်းပိတ်ဆို့မှုနှင့် ငွေကြေးတောင်းခံမှုတို့ကြောင့် ကားခ သုံးဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က မန္တလေး-မြစ်ကြီးနား ပုံမှန် ၁၀ နာရီကြာခရီးစဉ်သည် လက်ရှိတွင် ၂ ညအိပ် ၃ ရက် (၇၂) နာရီကြာ မောင်းနှင်နေရ ယာဉ်စီးခနှင် ကုန်ပစ္စည်းတန်ဆာခ စျေးနှုန်းသုံးဆအထိ မြင့်တက်လာခြင်းလည်းဖြစ်သည်။

“အခုလက်ရှိတော့ ၂ ညအိပ် ၃ ရက်ကြာတယ်။ ကားခတွေက တစ်ယောက်တစ်သိန်းခွဲ ပိဿာချိန် ၁၀ ဆို အချိန်နဲ့ဆိုရင် တစ်ပိဿာ ၄၅၀၀ ယူတယ်။ တန်ဆာအကုန်လုံး အချိန်နဲ့တောင်းတာပဲ” နောက်ထပ် မန္တလေး – မြစ်ကြီးနား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းသည် မိုင် ၃၅၉ မိုင်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခနိးနှင့် တော်လှန်ရေးအင်အားစုများ၏ ဂိတ်များသည် ၅၀ ထက်မနည်းရှိကာ လမ်းပိုင်းတွင် ငွေကြေးကောက်ခံမှုများသည်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ တူညီမှုမရှိကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။