စခန်းသိမ်းတိုက်ပွဲတွေကြောင့် မကွေးမှာ စစ်ကောင်စီကလုံခြုံရေးတင်းကြပ်လာ

0
371
ပုံစာ - စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကိုတွေ့ရစဉ် (Photo- CJ)

ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မြို့သိမ်း တိုက်ပွဲတွေကြောင့် မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ လုံခြုံရေးတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

လက်ရှိအချိန်၌ မင်းဘူးခရိုင်ထဲက ပုသိမ် – မုံရွာ လမ်းတလျှောက်မှာ ကင်းပုန်းတွေချထားပြီး စစ်ဆေးရေးတွေလည်း တင်းကြပ်နေတာကြောင့် စျေးသည်တွေနဲ့ ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံနေရတယ်လို့ သိရသည်။

မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာ လမ်းအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက “စခန်းကို လာသိမ်းမယ်လို့ ကြားလို့တဲ့ အင်အားတွေအများကြီး ထပ်ချပြီး ပုသိမ်-မုံရွာ လမ်းတလျှောက်မှာကင်းပုန်းထားတယ်။ မထင်တဲ့ လူတွေကို စစ်ဆေးရိုက်နှက်တာတွေ လုပ်တယ်။ သေနတ်မောင်းတင်ပြီးသားနဲ့ ချိန်တယ်” လို့ ပြောပြပါသည်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက စစ်အာဏာသိမ်းရက်တစ်ထောင်ပြည့် မတိုင်ခင်ကတည်းက ပွင့်ဖြူ၊ စလင်းနဲ့ မင်းဘူးမြို့နယ်တွေမှာ စစ်ဆေးရေးတွေ တင်းကြပ်ထားတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြသည်။

အဆိုပါမြို့နယ်တွေမှာ ည ၉ နာရီ ဝန်းကျင်ကနေ မနက် ၂ နာရီလောက်အထိ စစ်ဆေးတာတွေ ပြုလုပ်နေသလို ပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်ဆေးတာတွေ ရှိနေပြီး ရှောင်တခင် ဧည့်စာရင်းစစ်ဆေးတာ၊ ညအချိန်မတော် သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “နယ်မြေအနေအထားက ငြိမ်တယ်။ ဒီကောင်တွေ ကြောက်လို့ လုပ်နေတာ။ ဒီမတိုင်ခင်က ဂိတ်တွေမှာ စခ လေးငါးယောက်ပဲ ရှိတာ။ နောက်မှ ပျူတွေနဲ့ပေါင်းပြီး လုပ်နေတာ။ အဓိက က တော့ ရှမ်းမြောက်နဲ့ စစ်ကိုင်း၊ မကွေးမှာ သူတို့စခန်းတွေ လက်လွှတ်ထားရတော့ အဲဒါကိုကြောက်ပြီး ပြည်သူကို ဒုက္ခပေးနေတာ” လို့ ပြောဆိုသည်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးတာနဲ့ နယ်မြေလှုပ်ရှားမှုတွေကိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို အသိပေးကြဖို့ ယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က တိုက်တွန်းထားသည်။

စစ်ကောင်စီက မင်းဘူးခရိုင်ထဲရှိ စလင်း၊ စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်တို့မှာရှိတဲ့ အထိုင်စခန်းတွေကို အင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို စလင်းမြို့နယ် ကင်းပွန်းခြုံဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံများထံမှ သိရသည်။

ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မင်းရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိထားသလို တောင်ခင်ရန်းရဲစခန်းကိုတော့ စစ်ကောင်စီတပ်ဘက်က စွန့်ခွာထွက်ပြေးကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here