ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ကျင်းပပြီးစီး၊ အမျိုးသမီး ၁၄၀ ကျော် ပါဝင်တက်ရောက်

By MPM 24 စက်တင်ဘာ, 2026 👁 38

ထိုင်းနိုင်ငံတနေရာတွင် လူတွေ့နှင့် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်တွင် အမျိုးသမီးဦးရေ ၁၄၄ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖိုရမ်ကို စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရေးအခြေအနေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍ အားကောင်းလာစေရန် ရည်ရွယ်၍ “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံး တူယှဉ်ပါဝင်ရေး” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဖိုရမ်ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ အကြောင်းအရာများနှင့် အမျိုးသမီးများ၏ နိုင်ငံရေးကိုယ်စားပြုမှုပုံစံနှင့် တရားဝင်ဖြစ်မှုများ စသည်တို့ကို ရလဒ်များ ထွက်ပေါ်လာသည်အထိ ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖိုရမ်မှ ဆွေးနွေးရရှိခဲ့သည့် အကြောင်းအရာများ၊ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို စုစည်းမှတ်တမ်းတင်၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအားလုံး အဆုံးသတ်ရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

မဇ္ဈိမ