ငလျင်ဒဏ်သင့်ဒေသဆီ သွားရောက်ကူညီမည့် ကချင်ပြည်လူမှုကူညီရေးအဖွဲ့များ လမ်းခရီးအတွင်း ပိတ်ပင်မှုခံခဲ့ရ

By MPM 31 မတ်, 2025 👁 5

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တို့ကို အကူအညီပေးရန် သွားရောက်ကြသည့် ကချင်ပြည်နယ်က လူမှုကူညီရေးအသင်းအဖွဲ့တို့ကို ခရီးလမ်းပိုင်းအတွင်း လက်နက်ကိုင်တပ်တချို့၏ လမ်းပိုင်းပိတ်ပင်မှုခံရတာကြောင့် ခရီးနှောင့်နှေးခဲ့ရကြောင်း ကချင်ကူညီကယ်ဆယ်ရေးအဖွဲ့တို့က ပြောဆိုသည်။

ငလျင်ဒဏ်လွတ်ကင်းခဲ့သည့် မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်က လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တခြားသော ကိုယ်ထူကိုယ်ထကူညီပေးရေးအဖွဲ့တို့သည် မြစ်ကြီးနား- မန္တလေး ကားလမ်းကို အသုံးပြုကာ သွားရောက်ကြခြင်းဖြစ်သည်။

မတ်လ ၃၀ ရက်က စစ်ကိုင်းမြို့ကို ဦးတည်ထွက်ခွာလာသည့် ကချင်ပြည်နယ်က လူမှုကူညီရေးအသင်းအဖွဲ့များ အင်းတော်လမ်းပိုင်းတနေရာတွင် အမည်မသိတဲ့ လက်နက်ကိုင်တချို့က ည ၆ နာရီ နောက်ပိုင်းဖြစ်သည့်အတွက် ဖြတ်ခွင့်မပေးရာ ထိုလမ်းပိုင်းရှိ ရွာတစ်ရွာ၌ ညအိပ်ခဲ့ရသည်ဟု ဆိုသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်လိုက်ပါလာသူတစ်ဦးက “ကျနော်တို့ ပြောကြည့်သေးတယ်၊ သူတို့ ပေးမဖြတ်တာ။ သူတို့ရဲ့ တာဝန်ချိန်လည်းဖြစ်တယ် ပေးမဖြတ်နိုင်ဘူးပေါ့။ သူတို့ သတ်မှတ်ထားတာမို့လို့တဲ့။ အဲ့ဒါကြောင့် ကျနော်တို့လည်း နောက်ပြန်ဆုတ်ပြီး ဂိတ်တွေနဲ့ဝေးတဲ့ နေရာတွေ သွားအိပ်ရတာ။ ဘယ်တပ်ဖွဲ့တွေမှန်းတော့ မသိဘူး” လို့ လမ်းပိုင်းအခြေအနေကို ပြောပါသည်။

လူမှုကူညီရေးအသင်းအဖွဲ့များ အသုံးပြုသည့် မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လကတည်းကနေ ငလျင်ဒဏ်မတိုင်ခင်အထိ တိုက်ပွဲများ ရပ်လိုက်နားလိုက်ဖြစ်နေကြောင်း သိရသည်။

လူမှုကူညီရေးအသင်းအဖွဲ့တို့ လမ်းပိုင်းပိတ်ဆို့ခံခဲ့ရသည့် အင်းတော်လမ်းပိုင်းနေရာကို ကာကွယ်ရေး ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး ယခုဖြစ်စဥ်အပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ၌ ယခုလိုပြောဆိုသည်။

“ကျနော်တို့ကတော့ ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ဘယ်လမ်းကိုမှ ပိတ်ထားတာမျိုး မရှိဘူးပေါ့နော်။ ဒါတွေအကုန်လုံးကိုလည်း ကူညီကယ်ဆယ်ရေးကိစ္စတွေဆိုရင် ဖွင့်ပေးဖို့အတွက်လည်း ညွှန်ကြားထားပြီးဖြစ်တယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဆက်လက်ပြီး ၎င်းက “ဒါပေမဲ့ပြဿနာကတော့ စစ်တပ်ဂိတ်ကို ဖြတ်ရတာမျိုးဆိုရင် စစ်တပ်ဘက်က ခွင့်မပြုတာတွေရှိသလို တချို့လမ်းပိုင်းတွေကြတော့ လမ်းတွေပါပျက်ဆီးပြီးတော့ အရင်ပုံမှန်သွားလို့ရတဲ့ နေရာတွေတောင် သွားလို့မရတာမျိုးတွေရှိပါတယ်။ အဲ့လိုနှောင့်နှေးမှုတွေက လွဲလို့ပေါ့နော်၊ ကျနော်တို့ NUG ဘက်ကတော့ ကျနော်တို့ရဲ့တပ်ဖွဲ့တွေ ကနေ လှူဒါန်းတဲ့ကိစ္စတွေ ကူညီကယ်ဆယ်မယ့်ကိစ္စတွေအပေါ် တားဆီးပိတ်ပင်တာမျိုး လုံးဝမရှိပါဘူးခင်ဗျာ” ဟု ဆက်ပြောသည်။

ငလျင်ဒဏ်မတိုင်ခင်အထိ နှစ်ဖက်တပ်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲပြင်းထန်လေ့ရှိသည့် အင်းတော်မြို့ နယ်လမ်းပိုင်းကို ကာကွယ်ရေးပူးပေါင်းတပ်များဘက်က ပိတ်ထားသည့်အတွက် ကွင်းလမ်းကိုသာအသုံးပြုပြီး သွားလာနေခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အပေါ် မြေပြင်တွင်ရှိနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မိုင်းခင်းထားတာတွေလည်းရှိတယ်။ နှစ်ဖက်တပ်တွေဘက်ကပေါ့။ အင်းတော်မြို့က fire zone လည်းဖြစ်တယ်။ ကျနော်တို့က ကယ်ဆယ်ရေးကားတွေမို့ မပစ်ဘဲလွှတ်ပေးရင်တောင် သူတို့ဘက်က မလွှတ်ပေးရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ဖွင့်လိုက်ရင်တောင်မှ ချက်ချင်းက မလွယ်လောက်ဘူး” ဟု ပြောဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ငလျင်ဒဏ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသနှင့် ဆက်စပ်သောနေရာများတွင် ခုခံစစ်ကလွဲပြီး ထိုးစစ်အားလုံး နှစ်ပတ်ဝန်းကျင်ကြာ ရပ်နားရန် မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က ငလျင်ဒဏ်သင့်ခဲ့သည့် မတ်လ ၂၈ ရက်နေ့အပါအဝင် ယနေ့ချိန်အထိ ကချင်၊ စစ်ကိုင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသတချို့ကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုတို့ကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးမှုများလည်း ရှိနေသည်။

အင်အား ၇.၇ ရှိ ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNG ပေးပို့သည်