မန္တလေးမြို့ ၊ စစ်ကိုင်းမြို့နှင့် နေပြည်တော်တို့တွင် ငလျင်ကယ်ဆယ်ရေး လာရောက်ကူညီကြသည့် နိုင်ငံတကာအဖွဲ့တချို့သည် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ပြီးစီးသွားခြင်းကြောင့် ၎င်းတို့၏ နိုင်ငံနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ကျွမ်းကျင်မှုများကြောင့် အသက်ရှင်ကျန်နေသေးသူ ကယ်ထုတ်ရေးနှင့် ဘေးဒဏ်သင့်သူများ၏ ဒုက္ခအရောက်ဆုံးနာရီပိုင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းအတွက် အရေးပါခဲ့သည်။
ပြည်တွင်းကူညီကယ်ဆယ်ရေးအဖွဲ့များက နိုင်ငံတကာအဖွဲ့များ၏ နည်းပညာအကူအညီများစွာနှင့် ကျွမ်းကျင်မှုတို့က အားသာချက်ရှိကြောင်း မှတ်ချက်ပြုပြောဆိုကြသည်။
ပြည်တွင်း ကယ်ဆယ်ရေးသမားတစ်ဦးက “သူတို့က ထွေထွေထူးထူးပြောစရာမရှိဘူးလေနော်။ ဒို့ဗမာပြည်မှာက စက်ကိရိယာနဲ့ နည်းပညာအပိုင်းထွန်းကားမှု အားနည်းတယ်လေနော်။ သူတို့က စက်ကိရိယာ နည်းပညာနဲ့လာတာဆိုတော့ အလောင်းတွေရှာတဲ့နေရာမှာ အားသာတာပေါ့” ဟု တရုတ်၊ ဘယ်လာရုစ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူလက်တွဲကိုင်နေသည့် အခြေအနေကို ပြောဆိုသည်။
ငလျပ်လှုပ်ခတ်ပြီး တစ်ရက်ကျော်အကြာတွင် တရုတ်နိုင်ငံကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်သည့် China International Search and Resuce team (CISAR) ၊ Blue Sky Rescue (BSR) ၊ Hong Kong China Search and Rescue Team စသည့် လေးဖွဲ့မှ လူအင်အား ၂၆၅ ဦးက ပါဝင်ကူညီခဲ့ကြသည်။
ယင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာရှနိုင်ငံများက ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြပြီး နိုင်ငံ ၁၃ နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၃ ဖွဲ့ကျော် လာရောက်ကူညီခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံကူညီကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့သည် ဧပြီလ ၈ ရက်နေ့တွင် နေရပ်ပြန်သွားခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီ၏ ထုတ်ပြန်မှုအရ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ်ရေး လုပ်ကိုင်ခဲ့ရာတွင် အသက်ရှင်လျက် ၆၅၃ ဦး၊ အသက်သေဆုံးသူ ၇၀၀ ဦးကို ရှာဖွေနိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံမှ ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များ ပြန်လည်ထွက်ခွာသွားသော်လည်း ရုရှား၊ ဂျပန်နှင့် တခြားအာရှနိုင်ငံများက ငလျင်ဘေးဒဏ်သင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။
DVB သတင်းဌာနက မှတ်တမ်းပြုကောက်ယူထားသည့် စာရင်းများအရ ဧပြီ ၉ ရက်နေ့ ညနေ ၅ နာရီအထိ ငလျင်ကြောင့် သေဆုံးသူ ၄၃၄၆ ဦး၊ ဒဏ်ရရှိသူ ၇၈၃၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၀ ဦး ရှိနေပြီဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။