မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံးခဲ့ကြောင်း PRA Magway စစ်ဦးစီးချုပ်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က အင်အား ၄၀ ဝန်းကျင်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအရှေ့ဘက် မီတာ ၁၀၀၀ ခန့်တွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကိုခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ရခိုင်ဘက်ကို စစ်ကူပို့တဲ့ယာဉ်တန်းတွေကို လုံခြုံရေးယူပေးပြီး ကားပျက်လို့ကျန်နေခဲ့သူတွေ ပူးပေါင်းပြီးတော့ တက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ” ဟု PRA Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသော်လည်း ယာဉ်တန်းများမှာမူ ရခိုင်ပြည်နယ်ထဲသို့ ထွက်ခွာသွားပြီး အမ်းမြို့သို့ရောက်ရှိသွားပြီဟု သိရသည်။
ဒေသကာကွယ်ရေးအဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရသွားကြောင်း PRA Magway စစ်ဦးစီးချုပ်က ဆိုသည်။
စစ်ကောင်စီမော်တော်ယာဉ် ၁၆ စီးသည် နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက မကွေးမြို့မှနေ၍ ထွက်ခွာလာခြင်းဖြစ်ပြီး ထိုစစ်ကူပို့ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီစစ်ကြောင်းအား ယင်းနေ့ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။