ဂွမြို့နယ်၊ ဂျိုင်ကောက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ထပ်မံတပ်ဆုတ်သွား

By MPM 14 နိုဝင်ဘာ, 2024 👁

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို မယှဉ်နိုင်၍ စစ်ကောင်စီတပ်သည် တစ်ရွာပြီးတစ်ရွာ နောက်ဆုတ်လာနေရာ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျိုင်ကောက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဆပ်သွားသို့ ထပ်မံတပ်ဆုတ်သွားပြီဟု သိရသည်။

အာရက္ခတပ်တော် (AA) နှင် စစ်ကောင်စီတပ်တို့သည် ဆပ်သွားတံတားထိပ်နှင့် ဂျိုင်ကောက် (ချိုင်ကောက်) ကျေးရွာဟောင်း၊ ကျေးရွာသစ်တို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တို့ထံက သိရှိရသည်။

ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေ မနက်ကဂျိုင်ကောက်မှာ အပြင်းအထန်ဖြစ်ပြီးတဲ့နောက် စစ်တပ်က ဂျိုင်ကောက်ကျေးရွာကနေ ဆပ်သွားကို ဆုတ်သွားပါပြီ။ အခု ဆပ်သွားမှာ စစ်တပ်ကရှိနေတယ်။ AA ကတော့ ဂျိုင်ကောက်ရွာဘက်မှာ ရှိနေတယ်။ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနေအထားပါ” ဟု ပြောသည်။

ကျိန္တလီမြို့ကို   AA ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ကျားပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ရတနာမြိုင် (ကုလားပြင်)၊ ဘဲအင်း၊ ဒယ်ဘုတ်၊ ကြွေချိုင်၊ ချောင်းသာ၊ တိုင်ကျိုးနှင့် ဂျိုင်ကောက်စသည့် ကျေးရွာများမှ တစ်ရွာပြီးတစ်ရွာ နောက်ဆုတ်လာခဲ့ရရာ လက်ရှိတွင် မိုင် ၂၀ အကွာ ဆပ်သွားရွာသို့ ထပ်မံ တပ်ဆုတ်လာခဲ့ရပြီဟု ၎င်းက ပြောသည်။

လက်ရှိ၌ ဂွစစ်မြေပြင်မှ စစ်ကောင်စီတပ်သားများ အခြေအနေကိုသိရှိနေသူ ဒေသခံတစ်ဦးက “စစ်သားတွေက ဘယ်သူမှအသေခံပြီး မတိုက်ချင်တော့ဘူး။ အထက်ကဗိုလ်ကြီးလည်း အထက်ကအမိန့်ရသာ တိုက်နေရတာ။ ရဲဘော်တွေရော၊ ဗိုလ်တွေရော အသက်မသေခံချင်ကြတော့ဘူး။ ဒီလောက် လေကြောင်းကနေ ဗုံးတွေကြဲချတာ၊ ရေတပ်နေဗီတွေက ပစ်တာ၊ မြေပြင်ကလည်း အမြောက်တွေနဲ့ ထုတာတောင် မနိုင်ဘူး။ စစ်မတိုက်ချင်ကြလို့ပေါ့” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်တွင် အကျအဆုံးများနေပြီး တပ်ထဲကနေ ထွက်ပြေးသူလည်း များပြားနေသည်ဟု သိရသည်။

ဂျိုင်ကောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားကြီးတစ်ဦးတို့ သေဆုံးသွားသည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။

နိရဉ္စရာ ပေးပို့သည်။