ရခိုင်ပြည်၊ ဂွမြို့နယ် ကျေးရွာ ၃ ရွာမှ ရွာသား ၃ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်နေ့တွင် သတ်ဖြတ်သွားပြီး ယင်းတို့ထဲမှတစ်ဦးကို လည်လှီးသတ်သွားသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့ တစ်ရက်တည်းတွင် သတ်ဖြတ်ခဲ့သည့် ရွာသား ၃ ဦးမှာ သာမန်ရွာသားများဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ကျေးရွာအသီးသီး၌ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။
သတ်ဖြတ်ခံရသူများမှာ ဂွမြို့နယ် ကူတို့လေးကျေးရွာမှ ရွှေလှမောင်၊ သပြုချောင်းကျေးရွာမှ ချင်းလေးနှင့် ကံပေါက်ကျေးရွာမှ ဇေယျာလင်း (ခေါ်) လောက်စလုံးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံတစ်ဦးက “စစ်ကောင်စီက တအားရက်စက်တယ်။ AA ကို တိုက်လို့မနိုင်လို့ အခုကျေးရွာသားတွေကို ဖမ်းတယ်၊ သတ်တဲ့အနေအထားက နေ့တိုင်းဖြစ်လာတယ်။ နောက်ပြီး လေယာဉ်နဲ့ဗုံးကြဲရင်လည်း ကျေးရွာသားတွေပဲခံရတယ်။ ရင်အနာဆုံးကတော့ တစ်ရက်တည်းမှာ ဒေသခံအရပ်သား ၃ ဦးကို သတ်သွားတာဖြစ်တယ်” ဟု ပြောသည်။
ကူတို့လေးကျေးရွာမှ ရွှေလှမောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲဝင်ရောက်လာပြီး နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကာ သပြုချောင်းနှင့် ဒယ်ပုတ်ကြား သရက်ပင်စု၌ လည်လှီးပြီးသတ်သွားခဲ့သည်ဟု အလောင်းတွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
သပြုချောင်းကျေးရွာမှ ချင်းလေးကို ၎င်း၏လယ်တဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာပြီး ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ကံပေါက်ကျေးရွာမှ ဇေယျာလင်း (ခေါ်) လောက်စလုံးအား စစ်ပြေးရှောင်ရန်ပြုဆင်နေစဉ် နေအိမ်တွင် မေ့ကျန်နေခဲ့သည့် ဖုန်းအားသွားယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့်ပစ်၍ သတ်ဖြတ်ပစ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
စစ်ကောင်စီသည် ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရှုံးနှင့်ရင်ဆိုင်နေရပြီးနောက် အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ တိုးပွားလာနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
နိရဉ္စရာ ပေးပို့သည်။