ရခိုင်ပြည်၊ ဂွမြို့ ချောင်းတဖက်ကမ်းတွင်တည်ရှိသည့် မကျဉ်းငူကျေးရွာသားများသည် တိုက်ပွဲများ နီးကပ်လာမှုနှင့်အတူ လုံခြုံရေးနှင့် ငါးဖမ်းလုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာသောကြောင့် နယ်မြေနီးစပ်ရာ ဧရာ၀တီတိုင်းဘက်သို့ မိသားစုလိုက် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင် ရွှေ့ပြောင်းသွားကြသည်ဟု သိရသည်။
အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် ဂွမြို့မြောက်ဘက် မိုင် ၂၅ မိုင်အထိ နီးကပ်လာပြီဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတလျှောက်ရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အများစုသည် ဧရာ၀တီတိုင်းဘက်သို့ စစ်ဘေးရှောင်သွားကြသည်ဟု ဒေသခံများထံမှ သိရသည်။
“ဒီရွာက အိမ်ခြေ ၃၀၀ လောက် ရှိပါတယ်။ အကုန် ရေလုပ်သားတွေပါပဲ။ အခု တိုက်ပွဲလည်း ဂွနားထိ ရောက်လာပြီဖြစ်သလို ပင်လယ်ထွက် ငါးဖမ်းလို့လည်းမရတော့ ရွာသားတွေအကုန်နီးပါး မိသားစုလိုက် ဧရာ၀တီတိုင်းဘက်ကို စစ်ရှောင်သွားကြပါပြီ” ဟု ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။
ရွာထဲတွင် အိမ်စောင့်ရန် သက်ကြီးပိုင်းတချို့သာ ကျန်နေခဲ့သည်ဟုဆိုသည်။ ယခင်က မကျဉ်းငူကျေးရွာကို ဂွမြို့ကနေ လှေဖြင့်ကူးရသော်လည်း NLD အစိုးရလက်ထက်တွင် ကွန်ကရစ်တံတားထိုးပေးခဲ့သဖြင့် သွားလာရလွယ်ကူပြီး အဆိုပါရွာမှတဆင့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့အထိ ကားဖြင့်သွားနိုင်သည်ဟု ဆိုသည်။
AA အာရက္ခတပ်တော်က ဂွမြို့ကို သိမ်းပိုက်နိုင်ချေရှိနေပြီး သိမ်းပိုက်ပြီးပါက ဧရာ၀တီတိုင်းဘက်သို့လည်း ထိုးစစ်ဆင်လာနိုင်သဖြင့် စစ်ကောင်စီသည် ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာ၀တီတိုင်း ငသိုင်းချောင်း၊ ရေကြည်မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက အာရက္ခတပ်တော် AA သည် ဂွမြို့ကိုသာမက ချောင်းသာ၊ ငွေဆောင်မှသည် မော်တင်စွန်းအထိ သိမ်းပိုက်နိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။
နိရဉ္စရာ ပေးပို့သည်။