မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအခြေစိုက် ရဲစခန်းမှာရှိတဲ့ ရဲဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ည ၈ နာရီလောက်က စခန်းကို စွန့်ခွာသွားတာပါ။ ဂန့်ဂေါ ခ.လ.ရ ၅၀ က ဗိုလ်မှူးကြီးအဆင့်ထင်တယ်၊ ဗိုလ်မျိုးဝင်းသူကိုယ်တိုင် လာခေါ်သွားတာ၊ အဲဒီစခန်းက လက်နက်ချဖို့လုပ်ပြီးသား။ စစ်ကောင်စီက လေကြောင်း ကနေ သတိပေးပစ်ခတ်လို့ လက်နက်မချဘဲနဲ့ ခုလိုမျိုး စခန်းစွန့်ခွာသွားတာ။ စခန်းစွန့်ခွာတယ်ဆိုတာထက် ခ.လ.ရ ၅၀ က လာခေါ်တာမျိုးပေါ့” လို့ ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက် နေ့ညပိုင်းက စခန်းစွန့်ခွာ ထွက်ပြေးသွားတာဖြစ်ပြီး အဲဒီစခန်းရှိသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်နက်ချ အညံ့ခံဖို့ ညှိနှိုင်းမှုတွေရှိခဲ့ဖူးလို့ စစ်ကောင်စီဘက်က ဖိအားပေးမှု ရှိခဲ့တဲ့အတွက် စခန်းစွန့်ခွာခဲ့ကြခြင်း ဖြစ်သည်။
ကန်ကျေးရွာရဲစခန်းက ထွက်ခွာသွားတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ လက်ရှိအချိန်မှာ ကျောက်ဂူတောရကျောင်းကို ရောက်ရှိနေပြီး ဂန့်ဂေါမြို့မှာရှိတဲ့ ခ.လ.ရ ၅၀ ကို ဆက်လက်ပြောင်းရွှေ့သွားတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိနေသည်။
ဂန့်ဂေါအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက စစ်ကောင်စီဘက်က စွန့်ခွာထွက်ပြေးသွားသည့် ကန်ရွာရဲစခန်းကို နယ်မြေရှင်းလင်းရေးလုပ်ချိန်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဂန့်ဂေါမှာ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေက မကြာခဏ တိုက်ခိုက်နေတာဖြစ်ပြီး နိုဝင်ဘာလအတွင်း ဂန့်ဂေါမှာ စစ်ကောင်စီတပ်ပိုင် ရဲစခန်း ၃ ခုအထိ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရသည်။
တော်လှန်ရေးအင်အားစုတွေက ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို သိမ်းပိုက်ပြီးနောက်မှာတော့ တောင်ခင်ရန်း ရဲစခန်းနဲ့ ကန်ရွာ ရဲစခန်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူများထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။