မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရေနံမှော်ကင်းစခန်းကို ကာကွယ်ရေးအဖွဲ့များက သြဂုတ် ၁၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။
ကျောတိုက်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းတို့ကို ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကပစ-၂၃ မှ ဗိုလ်ကြီးသော်ဇင်အောင်နှင့် ဒု-ရဲအုပ်ကိုကိုအောင် အပါအဝင် (၁၂) ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေနံမှော်ကင်းစခန်း တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် (၃၀)၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ဟု အမှတ် (၁) စစ်ဒေသက ဆိုသည်။
ရဲကင်းစခန်းများကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး၏ ကွပ်ကဲမှုရယူပြီး ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖတို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။