ဂန့်ဂေါမြို့က ထိခိုက်ဒဏ်ရာရ ပ.က.ဖ ရဲဘော် ၇ ဦးကို NUG ထောက်ပံ့ငွေပေးအပ်

By MPM 2 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ ရဲဘော်များ အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ်သိန်း ၃၁၅ သိန်း ပေးအပ်ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ဒဏ်ရာရတဲ့သူတွေရော၊ ကျဆုံးတဲ့သူတွေရော နောက်ထပ်ထောက်ပံ့နိုင်အောင် ဝန်ကြီးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်Ó လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းရေးဗဟိုကော်မတီက ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော် ၇ ဦး ဆေးကုသဖို့အတွက် ဂန့်ဂေါမြို့နယ် ပ.က.ဖ က တဆင့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပေးခဲ့တာလို့ ၎င်းက ဆက်ပြောသည်။

ထောက်ပံ့ခံရတဲ့ ရဲဘော်တွေဟာ လက်နက်ကြီးတီထွင်ရင်း မိုင်းထိတာ၊ စစ်ကောင်စီကို တိုက်ခိုက်ရင်း ဒဏ်ရာရရှိတာနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့သူတွေဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ထံမှ သိရသည်။

ဂန့်ဂေါ ပ.အ.ဖ က မွေ့လယ်ကျေးရွာအခြေစိုက် ရဲဘော် ၂ ဦးအတွက် တစ်ဦးကို သိန်း ၅၀ ကျပ်၊ ကန်သာ ကျေးရွာက ဒဏ်ရာရရဲဘော် တစ်ဦးအတွက်သိန်း ၅၀ ကျပ်၊ ဟံသာဝတီကျေးရွာ အခြေစိုက် ဒဏ်ရာရ ရဲဘော်တစ်ဦးအတွက် သိန်း ၅၀ ကျပ်၊ ကန်ကျေးရွာအခြေစိုက် ရဲဘော်တစ်ဦးအတွက် သိန်း ၅၀ ကျပ်၊ အလယ်ရွာအခြေစိုက် ရဲဘော်တစ်ဦးအတွက် သိန်း ၅၀ ကျပ်နဲ့ ပျားရွာအခြေစိုက် ရဲဘော်တစ်ဦးအတွက် ၁၅ သိန်း ထောက်ပံ့ပေးခဲ့တာလို့ ဆိုသည်။

လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းသည့် ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုတို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာနေသလို တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း ထိခိုက်ကျဆုံးလျက်ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းကာလ ၃ နှစ်အတွင်း ဂန့်ဂေါမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနှင့် အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀၀ ကျော် ရှိနေတယ်လို့ ဒေသတွင်း အချက်အလက်တွေအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။